တစ်နေ့တာ မှတ်စု

Friday, April 24, 2009

ပြုတင်းပေါက်ကို တွန်းဖွင့်လိုက်တယ်။ မျက်စိနှစ်လုံးပွင့်ကတည်းက ရင်ထဲမှာ ဟာတာတာဖြစ်နေတယ်။ နေဘယ်နားရောက်နေပြီလည်းလို့ ကြည့်မိလိုက်တော့ မျက်စောင်းတစ်ချက်ထိုးပြီး မြစ်ထဲကို ခုန်ဆင်းသွားတယ်။

မနေ့က မနက်ခင်းနဲ့ ဒီနေ့မနက်ခင်း သိပ်မကွာသလိုပဲ။ နဂိုကတည်းက ထူးခြားချက်မရှိတဲ့ ငါ့နေ့စဉ်မှတ်တမ်းတွေထဲမှာ အဆင်ပြေတာ မပြေတာကို ထည့်ရေးရင် စာမျက်နှာဘယ်လောက် ပိုပြီးကုန်မလဲ။ မနက်စာ ကော်ဖီတစ်ခွက်နဲ့ပြီးခဲ့တာကော ဘယ်နှစ်ရက်ရှိပြီလဲ။ ဘာမှ ဗိုက်ထဲ မထည့်တဲ့ နံနက်ခင်းပေါင်း တစ်နှစ်လုံးမှာ ဘယ်လောက်ရှိမလဲ။ အစာအိမ်တစ်ခုအတွက် လူတစ်ယောက် တစ်နေ့ကို ဘယ်နှစ်မိုင်လောက် ပျမ်းမျှလမ်းလျှောက်ရပါသလဲ။ နေ့စဉ်သတင်းစာထဲမှာ သတင်းမဟုတ်တာတွေကို ဖတ်နေခဲ့ရတာကော နှစ်ပေါင်းဘယ်လောက်တောင် ကြာနေပြီလဲ။ ကမ္ဘာပေါ်မှာ ရှိတဲ့မေးခွန်းတွေတိုင်းအတွက် အဖြေတွေ ရှိမနေခဲ့ရင်ကော။

အထူးယာဉ်ပေါ်မှာ အလဲဗင်း ၀ီစကီကြော်ငြာတွေ ပွထနေတယ်။ မီဒီယာက မီဒီယာစာမျက်နှာကနေ ကလပ်စတာဗုံးတွေ ကျဲတယ် ။ ပြီးတော့ ကျင့်ဝတ်အကြောင်းကို နောက်တစ်မျက်နှာမှာထည့်။ လမ်းဘေးက မြေစိုက် ပိုစတာကြီးမှာ လေးဖြူက Super ဆိုပြီး ပြုံးနေတယ်။ မျိုးကြီးကိုတော့ မဂ္ဂဇင်းထဲမှာ မြန်မာဘီယာ လျှော့သောက်ဖို့ တားချင်ပါတယ်။ Alpine များများသောက်ရင် တော်သေးရဲ့။ တစ်နှစ်တစ်နှစ် အိုင်စီကို လေလံပစ်ရင် ကလေးတွေအတွက် တစ်ထပ်မူလတန်းကျောင်း ဘယ်နှစ်ကျောင်းလောက် ရနိုင်မလဲလို့ မဆီမဆိုင်တောင် တွေးမိသေးတယ်။

စာမူခထုတ်တော့ အကြွေးတွေရှင်းရမလား အကြွေးရှင်တွေကိုပဲ ရှင်းလိုက်ရင်ကောင်းမလား ဆိုပြီး ကြံမိကြံရာ ကြံလိုက်မိသေးတယ်။ နောက်တော့..နောက်တော့.. အဆင်မပြေမှုတွေချည်းပဲ ခေါင်းထဲ ဆင့်ဆင့်ပြီး ရောက်လာ တယ်။ ဒါနဲ့ပဲ အစိုးရကို ထိုင်ဆဲပြီး အိပ်ယာထဲခေါင်းထိုး အိပ်ပစ်လိုက်တော့တယ်...။ ဒီလိုနဲ့ တစ်နေ့တာအချိန်တွေ လည်း ကုန်သွားပါလေရောဗျာ...။

0 ယောက် ပြောသွားတယ်:

Post a Comment

 
ကျွန်တော့်ဒိုင်ယာရီ © 2008. Template by BloggerBuster.