Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

ဒါလေးပဲ ကွာလိမ့်မယ်

Thursday, October 22, 2009

ဒေါသ

ငါ....လူငယ်
တိုက်ရိုက်ပြောတယ်၊လုပ်တယ်
ဦးတည်ရာကိုတိုက်ရိုက်သွားတယ်။
သံယောဇဉ်ဖက်ပြီးမမှားချင်သလို
အာဃာတတွေလည်းမထားချင်ဘူး..။

ဒါပေမယ့်
အမှားကအမှား၊ အမှန်ကအမှန်ပဲ
အသက်ကြီးပြီးအချိန်မစီးရင်တော့
ပိုစားထားတဲ့ထမင်းအနပ်ရေပဲ
ကွာခြားချက်ရှိလိမ့်မယ်။

လင်းလက်

ဝေးမြေမှ သူငယ်ချင်းများအတွက်

Friday, October 9, 2009

အလွမ်း

ဘယ်နိုင်ငံပဲ ရောက်ရောက်
အချင်းချင်း ရွှေ လို့ပဲ ခေါ်ကြတယ်

ရွှေတိဂုံကို သတိရ
မဟာမြတ်မုနိကို သတိရ
ကျိုက်ထီးရိုးကို သတိရနဲ့
သတိရစရာတွေ အများအပြားပါပဲ။

မိသားစုကို လွမ်း
ပုဂံကို လွမ်း
ဧရာဝတီကို လွမ်းနဲ့
မျက်ဝါးမထင်ဖူးတဲ့ သူတွေကလည်း
ဝေးကွာခြင်း အသိတွေနဲ့
အလွမ်းဇာတ်တွေ ကကြတယ်။

အတိတ်တွေကြမ်းလို့
ကိုယ့်လမ်းကို ကိုယ်တိုင်ဖောက်
နည်းအမျိုးမျိုးနဲ့ ဆက်လျှောက်နေခဲ့ပေမယ့်
ရင်ထဲမှာ မြန်မာ ဆိုတဲ့အသိက
(ရင်ထဲမှာ....)
ကိုယ်စီ..ကိုယ်စီ ...ရှိနေကြဆဲပဲ။

လူမျိုးခြားရင် ခြား
ဘာသာခြားရင် ခြား
ခံယူချက်ကွဲပြားရင် ကွဲပြားမယ်
အိမ်လွမ်းတာခြင်းတော့ အတူတူပါပဲ။

နာကျင်မှုတွေ မေ့ထားပြီး
တချိန် ဆိုတာနဲ့
အပြောင်းအလဲ ဆိုတဲ့စကားလုံးတွေ
ခပ်ရေးရေး အနာဂတ်မှာ
ဖြစ်များဖြစ်လာရင် ဆိုတဲ့အတွေးနဲ့
သူတို့တွေ
လွမ်းဆွေးနေကြတယ်။

လင်းလက် (၁၀.၁၀.၂၀၀၉)


ငချွတ်လေးရဲ့အတွေးထဲမှာ

Saturday, March 21, 2009

ငချွတ်တစ်ကောင်ရဲ့အသိ

ဂငယ်လေးတွေ...လေးလုံးပူးတုန်းက
(ကျွန်တော်...)ငချွတ်လေးပဲရှိသေးတာပေါ့.....။

“...(စု)နိုင်မှချမ်းသာမည်....(စု)နိုင်မှချမ်းသာမည်
အောင်ဆန်းသွေးကို...ဒို့ယုံကြည်
ပြည်သူအားလုံးတစ်ခဲနက်ထောက်ခံမည်...”...တဲ့
အဖေဆိုဆိုနေတဲ့သီချင်းလေးက
ဘာမှန်းမသိနားမလည်ခဲ့ပေမဲ့
ပေတစ်ရာပေါ်အနီရောင်တွေစွေးတယ်ကြားတော့
နုနယ်တဲ့စိတ်လေးတောင်မှ
မုန်းသင့်တဲ့အရာ...ဘာဆိုတာကို..သိသွားခဲ့တယ်.....။

ပူးသတ်မယ်ဆိုတဲ့....ချာတိတ်အတွေးနဲ့
ထိပ်ဆုံးရောက်အောင်လုပ်မဟဲ့လို့
သူငယ်ချင်းနှစ်ယောက်ကြိတ်ကြံခဲ့မိသေးတယ်...
ပြောရင်ယုံမလားတော့မသိဘူး
ချီဂွေဗားရားအကြောင်းတွေဖတ်ပြီး
အတွေးထဲမှာပြောက်ကျားစစ်ထိုးခဲ့တာ...အခါခါ.....။

တစ်သက်လုံးကွန်မြူနစ်ဖက်ပြီးမှ
အိုကြီးအိုမနဲ့ရန်သူကိုကျောပြေးကပ်တဲ့လူ.....
လူ့အခွင့်အရေးကမ္ဗည်းတွေထိုးပြီး
ခွက်ပြေးပြေးထိုးနေတဲ့လူစား.....
အဖြစ်မှန်ဆိုတာကိုမှန်ထပ်ထိုးပြီး
ပြည်သူကိုအကြောင်ရိုက်
တစ်ဘက်မှာရသလောက်နှိုက်နေတဲ့လူမျိုး
မြင်ရတွေ့ရတာရိုးတော့
တရားလဲရသလို
တံတွေးတွေမှာလဲဒေါသပါမှန်းမသိပါခဲ့တယ်.....။

ဒီနေ့
နှစ်ဆယ့်တစ်ကို...ကိုးကမျက်စောင်းထိုးနေပြီ
ကျွန်တော်ခုထိလည်း...ငချွတ်လေးပါပဲ.....။

ငချွတ်လေးက...ငချွတ်အတွေးနဲ့
ရိုးရိုးလေးစဉ်းစားကြည့်တယ်...။
“အာဇာနည်ဟူသည်...ပြုလုပ်ဖွယ်ကိစ္စမှန်က
ဆုံးခန်းတိုင်ဆောင်ရွက်သည်...”တဲ့
ဗိုလ်ချုပ်အောင်ဆန်းရဲ့...စကား
ကြိုက်တဲ့နေရာစာရေးကပ်ထား
မင်းမှားတယ်...တားတဲ့လူရှိရင်
(သေချာတယ်...)
အပယ်လေးဘုံသားထဲကပဲဖြစ်မှာ...။

ဟိန်းမင်း

ဘာမှန်းမသိခဲ့တဲ့...ည

Friday, March 20, 2009

ဘာမှန်းမသိခဲ့တဲ့...ည

ပန်းတစ်ခင်းရဲ့ရနံကိုစွန့်ပြီး

သစ်ရွက်လေးရဲ့အနားမှာ
ထိကပါးရိကပါးနေမိတော့
ငါ့ကိုအမည်တပ်ခဲ့တာ...
“ရင်မခုန်တတ်တဲ့...လေပြေ” တဲ့..........။

နူးညံ့တဲ့အနမ်းတွေနဲ့အတူ
ရခဲ့ဖူးတဲ့နားလည်ပေးမှု
အဲ့တာတွေအားလုံး “အတု” လို့တော့
နင်....မပြောလိုက်ပါနဲ့နော်
(ငါလေ...) ခံနိုင်ရည်ရှိမယ်မထင်ဘူး..........။

“အချစ်မပြတ်သူ”နဲ့
မချစ်တတ်သူစီးချင်းထိုးတဲ့
အဲ့ဒီညက...
အသက်ရှူတွေမှားရင်းနဲ့ပဲ
ယောင်ကန်းကန်း မိုးလင်းသွားခဲ့တယ်..........။

ဟိန်းမင်း

သက်ဆိုင်သူသို့...(၃)

Monday, March 16, 2009

ကမ္ဘာပြိုတဲ့နေ့

မျှော်လင့်ထားသလိုပါပဲ
နောက်ဆုံးပင့်သက်တစ်ရှိုက်မှာ
နေဆယ်စင်းပြိုင်တူထွက်လာတယ်
ဖြတ်ကနဲပါပဲ...
ကမ္ဘာတစ်ခုလုံး
မျက်ရည်တွေအပြိုင်းအရိုင်းနဲ့
လောင်ကြွမ်းသွားခဲ့ပေမဲ့လည်း
သံယောဇဉ်ဓါးချက်တွေ
ရင်မှာမွနေအောင်ကျန်နေခဲ့တယ်
ဘာမှားနေခဲ့တာလဲ....။

တိုက်ရိုက်အချိုးချကြည့်တော့
ဘ၀ကမသေချာသလို
အချစ်ကလဲမရေရာခဲ့တာ
ကံကြမ္မာကိုပဲအပစ်တင်ရမှာလား...
အိမ်မက်တစ်ခုကအိမ်မက်တစ်ခုလိုပဲ
အချိန်တန်ရင်ပြီးသွားတာပဲလား...
မျှော်လင့်ချက်အပိုင်းအစတွေအတွက်
မနက်ဖြန်ဆိုတာကောရှိဦးမှာလား....။

ဟိန်းမင်း(16.9.2008)

သက်ဆိုင်သူသို့...(၂)

အတ္တ

လမ်းခွဲဖို့ဆုံးဖြတ်
ကျောခိုင်းလှည့်ထွက်ပြီးမှတော့
နောက်ပြန်လည်းလှည့်ကြည့်မနေပါနဲ့
မျက်ရည်တွေလူသိမခံချင်ဘူး....။

ဟိန်းမင်း

(သက်ဆိုင်သူသို့...)

ပျောက်ဆုံးခဲ့တဲ့အိမ်မက်

မျှော်လင့်ချက်တွေပွေ့ဖက်လို့
တစ်ဘ၀စာလျှောက်မဲ့လမ်းအတွက်
လမ်းဖြတ်တွေအများကြီးကျော်ခဲ့တယ်။

တဒင်္ဂအမှားတစ်ချက်
ဘာကြောင့်ဘာ့အတွက်ဆိုပြီး
ထွက်ဆိုချက်တွေမပေးချင်တော့ဘူး...
အိမ်မက်ထဲထိမိုးတွေရွာနေမှာစိုးလို့ပါ....။

ဝန်ခံပါတယ်
လှောင်အိမ်ထဲငှက်နှစ်ကောင်သွင်းတာမဟုတ်ပေမဲ့
လေးကိုတော့ဆခဲ့မိတယ်
ထိကိုထိမှဖြစ်မယ်တော့မဟုတ်ရိုးအမှန်ပါ....။

အချစ်တစ်ခုတည်းနဲ့မလုံလောက်တာ
ဘယ်သူ့ဆီကမှမလိုချင်ခဲ့ဖူးတဲ့
မင်းလေးရဲ့..ယုံကြည်မှုတွေ
(ငါဘ၀အတွက်...)လိုအပ်နေလို့ပါ...။

ခု....
တက်ကျိုးခဲ့ပြီ....ီ
ငှက်သင့်ခဲ့ပြီ....

နောက်ကော.............
ဘာဆက်ဖြစ်မှာလဲ......။

ဘာပဲဖြစ်လာဖြစ်လာပါလေ
“ မင်းအတွက် ” ဆိုတာလေးတစ်ခုနဲ့
ဖြေတတ်လောက်အောင်ကို
ကိုယ်သိပ်ချစ်တတ်သွားခဲ့ပြီ....ချစ်သူ
ဘာများထပ်လိုဦးမှာလဲနော်...။

ဟိန်းမင်း
 
ကျွန်တော့်ဒိုင်ယာရီ © 2008. Template by BloggerBuster.