Showing posts with label စပ်မိစပ်ရာ. Show all posts
Showing posts with label စပ်မိစပ်ရာ. Show all posts

ကျွန်တော်နဲ့ နာမည်အပြောင်းအရွှေ့

Friday, October 9, 2009

ပထမဆုံး ဘလော့ဂ်စရေးတဲ့ အချိန်ကပဲ ပြောရမှာပဲ။ အဲ့ဒီတုန်းက ကျွန်တော်နဲ့ ကြိုက်နေတဲ့ ရည်းစားလေး တစ်ယောက်ရဲ့ တိုက်တွန်း အားပေးမှုနဲ့ လင်းလက်ကောင်းကင် ဆိုတဲ့ နာမည်နဲ့ ဘလော့ဂ် စရေးဖြစ်တယ်ဗျာ။ ပထမဆုံး ဘလော့ဂ် ရေးဖြစ်ခြင်းပါပဲ။ အဲ့ဒီမှာ ရှေ့ဆုံးက လင်းလက် ဆိုတဲ့ နာမည်ကိုယူပြီး စာစရေးဖြစ်ခဲ့ပါတယ်။ အဲ့ဒီမှာ လူမသိသူမသိ (ခုချိန်ထိလည်း ဘယ်သူမှမသိတဲ့) ဘလော့ဂ်ဂါ လင်းလက် ဘဝ စတာပါပဲ။

နောက်တော့ ရေးချင်တာတွေ လွတ်လွတ်လပ်လပ် ရေးလို့ရအောင် ကျွန်တော်နှင့် အတွေးစများ ဆိုတဲ့ ဘလော့ဂ်တစ်ခုကို ထပ်လုပ်တယ်။ အဲ့ဒီမှာ ဟိန်းမင်း ဆိုတဲ့နာမည်ကို သုံးဖြစ်ပါတယ်။ ပျဉ်းမနားမြို့က ကျွန်တော် ရဟန်းခံဖူးတဲ့ ဘုန်းကြီးကျောင်းတစ်ခုက ကျောင်းထိုင်ဆရာတော် ပေးခဲ့တဲ့ နာမည်ပါ။ အဲ့ဒီ ဘလော့ဂ်မှာတော့ ရေးချင်ရာတွေ ချရေးဖြစ်ခဲ့တယ်။

နာဂစ်ဖြစ်တော့ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတွေ ဖြူစင်မေတ္တာ ဆိုတဲ့ ဗော်လံတီယာ အဖွဲ့လေး လုပ်ဖြစ်တယ်။ လပွတ္တာကို သွားကြတယ်။ ဒုက္ခသည်တွေကို ပစ္စည်းတွေ ထောက်ပံ့တယ်။ မသိတဲ့ မမြင်တဲ့ သူတွေ သိမြင်စာနာသွားအောင် ဖြစ်ရပ်တွေကို တင်မယ်ဆိုပြီး ဖြူစင်မေတ္တာ ဆိုတဲ့ ဘလော့ဂ်ကို လုပ်ဖြစ် ပါတယ်။ အဲ့ဒီအချိန်က နာဂစ်နဲ့ပတ်သတ်တဲ့ မြင်ကွင်းတွေ ဓါတ်ပုံတွေနဲ့အတူ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေကို လူတွေနည်းနည်း အာရုံစိုက်မိကြပါတယ်။ (ကျွန်တော့် အထင်ပါ။) အဲ့ဒီအချိန်မှာ အဖွဲ့ကို ကိုယ်စားပြုတဲ့ အနေနဲ့ ကျွန်တော့်နာမည် လင်းလက်ရဲ့ အနောက်မှာ ကွင်းစကွင်းပိတ်နဲ့ ဖြူစင်မေတ္တာလို့ သုံးလိုက်ပါတယ်။ လင်းလက်(ဖြူစင်မေတ္တာ) ဖြစ်သွားတာပေါ့ဗျာ။ ဘလော့ဂ်လေးရဲ့ အကျိုးဆက်ကြောင့် နာဂစ် ဒဏ်ခံ ဒုက္ခသည် တွေကို လှူဖို့ပစ္စည်းတွေ ပိုရခဲ့တာကတော့ ဘလော့ဂ်နဲ့ပတ်သတ်ပြီး ရလဒ်ကောင်းတစ်ခုပေါ့။ (နောက်ပိုင်း လုံခြုံရေး အခြေအနေနဲ့ ကျွန်တော်အတွက် အထောက်အကူုမဖြစ်ပဲ အန္တရာယ်ဖြစ်လာနိုင်သူတွေရဲ့ ဆက်သွယ် မှုကြောင့် ဘလော့ဂ်ကလေးကို ဖျက်သိမ်းပစ်လိုက်ပါတယ်။) ဒီတော့ နောက်က ကွင်းစကွင်းပိတ်လေးလဲ ပြန်ပြီး ပျောက်သွားတာပေါ့။

ဒီဘလော့ဂ်ကတော့ အခုနောက်ဆုံး ရေးနေတဲ့ ဘလော့ဂ်ပါပဲ။ ဒီပို့စ်မတိုင်မီ ပို့စ်ကိုတင်တဲ့အချိန်အထိ ဟိန်းမင်း ဆိုတဲ့ နာမည်နဲ့ ရေးနေတာပါ။ ပို့စ်အသစ်တွေလဲ မတင်ဖြစ်တာ ကြာပါပြီ။ အခုတော့ စာရေးချင်စိတ်လဲ ပြန်ပေါက်၊ စိတ်ရူးလေးကလဲ ခပ်နောက်နောက် ဖြစ်နေတော့ နာမည်တွေဘာတွေ ပြန်ပြောင်းပြီး ပို့စ်တွေတင်ဖို့ စိတ်ဆုံးဖြတ်ပြန်ပါရောဗျာ။

အရေးလည်းမကြီးသလို နောက်ဘာဖြစ်မှာလည်း မသိတာကို ရှည်လျားထွေပြားအောင် ရေးတဲ့ သကောင့်သား ဆိုပြီး မေတ္တာပို့ချင်တဲ့ ခုနစ်ရက်သားသမီးတွေ ရှိခဲ့ရင်၊ စီဘောက်စ်က ဘလော့ဂ် အောက်ဆုံးမှာ ပါလို့ လမ်းညွှန်ပေးလိုက်ပါတယ်။

ခုနစ်ရက်သားသမီး ကျန်းမာချမ်းသာကြပါစေ။


နင်နဲ့ငါ (၁)

Thursday, May 14, 2009

ပြောစရာစကားလုံးတွေ ပြည့်ကျပ်နေတယ်...။ ငါနင့်ရှေ့ရောက်ရင်လည်း ဒီစကားတွေ
ပြောထွက်မှာ မဟုတ်ဘူးဆိုတာကို ငါနေသိတယ်ကောင်မလေး... ...။ ငါမှတ်မိသေးတယ်... ငါနင့်လက်ကလေးကို ကိုင်ပြီး “ချစ်တယ်” လို့ လေးလေးနက်နက်ပြောခဲ့တုန်းကလေ။
(အဲ့ဒီမတိုင်ခင်က နင်ငါ့နားမှာ ငြိမ်ငြိမ်လေး နားလည်ပေးနေခဲ့တာကိုငါသိပ်သဘောကျခဲ့တာပေါ့။)
နင်ပြောခဲ့တယ်... ချစ်သူတွေ ဖြစ်သွားရင် နားလည်ပေးနိုင်ချင်မှ နားလည်ပေးနိုင်မှာတဲ့...။ အဲ့ဒီမှာတည်းက ငါပြောခဲ့ပါတယ် နင့်စိတ်ကြိုက်ဖြစ်စေရပါမယ်လို့...။

ငါနင့်ဘေးနားမှာ လိုက်နေပေးတဲ့အချိန်ကလည်း နင်ငါ့ဘေးမှာ ရှိနေပေးတာလို့ပဲ
ငါမြင်နေခဲ့တာပါ။ နင် နားရှုပ်သွားပြီလား။ နင့်ကို ဥပေက္ခာပြုတဲ့သူကိုယ်စား ငါနင်ပျော်အောင်
လိုက်နေပေးခဲ့ရင်း ငါ့ဘေးမှာ နင်ရှိနေပေးတယ်လို့ မှတ်ပြီး နင့်ကိုချစ်မိသွားခဲ့တာ။ငါ့ရင်ထဲမှာ နင်တစ်ယောက်တည်းရှိနေပေမဲ့ နင်က တခြားတစ်ယောက် ရှိကိုရှိနေမယ်လို့ တွက်ထားတာ
ငါအမြဲစိတ်မကောင်းဖြစ်ရတဲ့ အချက်ပဲ။ တကယ် မယုံသင်္ကာဖြစ်သင့်တာ ဘယ်သူလည်း။

နင်နဲ့ငါ အတူနေဖြစ်တဲ့ည (အဲ့ဒီညကလည်း နင်ဝိုင်တွေသောက်ထားပြီး အိမ်မပြန်နိုင်တဲ့
အခြေအနေမို့ကြိုတင်မကြံစည်ထားပဲနဲ့ ငါတို့အတူနေဖို့ စီစဉ်ဖြစ်သွားတာပါ။) နင့်အိမ်ကိုတောင်
ယုံကြည်အောင် ပြောပြီးခဲ့ပြီးတဲ့နောက်မှ နင့်ကိုအွန်လိုင်းမှာ သူ (နင့်အတွက်
မခိုနားလိုက်ရတဲ့ သစ်ပင်တစ်ပင်က) တစ်ခွန်းပြောလိုက်တာနဲ့..နင်ဘယ်လိုဖြစ်သွားခဲ့လည်း.။
စီစဉ်ထားပြီးသား အစီအစဉ်တစ်ခုက ဖျက်ဖို့တောင် နင်စဉ်းစားဖြစ်ခဲ့တာငါတွေးမိတိုင်း
စိတ်မကောင်းဖြစ်နေဆဲပဲ။ နင်နောက်ဆုံးအကြိမ်အဖြစ် အဲ့ဒီကောင်နဲ့ သွားတွေ့မယ် ဆိုတုန်းက
သူ့ကို ငါနင်နဲ့ပတ်သတ်ပြီးဘယ်လိုမှာခဲ့တယ်ဆိုတာ အဲ့ဒီကောင် နင့်ကိုအတိအကျပြန်ပြောမှာ မဟုတ်ဘူးဆိုတာလည်းငါသိတယ်။ ယောက်ျားမာနဆိုတာကို ချပြီး နင့်အတွက် နင့်ရင်ထဲကကောင်နဲ့
ငါစကားပြောခဲ့ရတယ်။သူနဲ့ပတ်သတ်ပြီး နင်ငိုချင်ငိုမိမယ်ဆိုပြီး ငါ့ကိုခွင့်တောင်းခဲ့ဖူးပေမဲ့...
ငါ့နဲ့ပတ်သတ်ပြီး နင်သိပ်မာကျောနေတာကိုတော့ ငါစိတ်မကောင်းမဖြစ်ပဲ မနေနိုင်ဘူး။

နောက်တစ်ခုက ဘယ်ယောက်ျားလေး လက်ခံနိုင်တဲ့ကိစ္စပါ..။ နင်ငါနဲ့ ချိန်းထားခဲ့တယ်..။
ငါသူငယ်ချင်းကိုပါခေါ်လာခဲ့တယ်။ ချိန်းထားတဲ့အချိန်ထက် ၁၅ မိနစ်လောက် ငါစောပြီးရောက်ခဲ့တာ
ငါဘယ်တော့မှ ဖျောက်မရတဲ့ မြင်ကွင်းတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရတယ်။ မထင်မှတ်တဲ့အချိန်၊ မထင်မှတ်တဲ့
နေရာမှာမထင်မှတ်တဲ့သူနဲ့ တွေ့ခဲ့တာပါတဲ့။ ဘာပဲပြောပြော ကော်ဖီဆိုင်ထဲ ငါဝင်လာတာကို နင်လုံးဝမမြင်ခဲ့တာအံ့သြမိသလို ဘာကြောင့်များ ငါ့ကိုယ်ငါ ဒီလောက်တောင် ထိန်းချုပ်နိုင်
သွားတာလည်းလို့ ငါအံ့သြမိခဲ့သေးတယ်။

အဲ့လို ငါ့ဘက်က မျက်စိနဲ့တပ်အပ် ပက်ပင်းတွေ့တာတွေကိုတောင် ငါနားလည်ပေး
နိုင်ခဲ့ပေမဲ့နင့်ဘက်ကျတော့ နင်သိပ်အတ္တကြီးလွန်းခဲ့တယ်။ နင်ငါ့ကိုချစ်တယ်လို့ ဖွင့်မပြောဘူးတဲ့..။ ချစ်တယ်ဆိုတာကိုနောက်ကွယ်မှာပဲ ပြောတယ်တဲ့..။ ဟုတ်မှာပါ...။ ဟုတ်မှာပါလို့ပဲ ခုထက်ထိ
ငါမြင်နေတုန်းပဲ။

တစ်ခုပဲ... နင်ကိုယ်နင်ကော သေချာရဲ့လား။ နင်ငါ့ကိုချစ်တာလား နင့်ကိုယ်နင်
ချစ်တာလား။ဒါကိုတော့ နင့်ဘာသာသေချာအောင် ပြန်သုံးသပ်သင့်တယ်။ လွန်ပြီလို့လည်း ပြောလို့ရ၊ မလွန်ဘူးလည်းပြောလို့ရတဲ့ အနေအထားတစ်ခုမှာ... နောက်ကွယ်မှာရော ရှေ့မှာတင်ရော..။ မချိတင်ကဲအသံတွေငါနားမထောင်ချင်ဘူး..။ ဘလော့ဂ်စာမျက်နှာတွေပေါ်မှာ လူတကာကို ငိုပြနေတဲ့
ကဗျာ အပိုင်းအစတွေလည်းငါမခံစားချင်ဘူး..။ တစ်ခုပဲ... နင်မယုံကြည်တဲ့သူကို နောက်ထပ် နင်ဘာအခွင့်အရေးမှ မပေးသင့်တော့ဘူး။

နှဖူးပေါ်လက်တင်ပြီး ဖြစ်ခဲ့သမျှတွေကို ပြန်သုံးသပ်သင့်တဲ့ အချိန်ရောက်ပြီထင်တယ်။
ဘ၀မှာ အပူတွေသိပ်များတယ်ဆိုတာ ကိုယ့်လမ်းငါလျှောက်ခဲ့တဲ့ ငါကပိုပြီးသိပါတယ်။ ဒါပေမဲ့
ပျော်နိုင်တဲ့ အချိန်လေးမှာတော့ မလိုအပ်တဲ့ ဒုက္ခရှာခံစားမှုတွေနောက်ကို ငါလိုက်ရင် ငါ့အတွက် ပျော်စရာအချိန်တွေရှိတော့မှာမဟုတ်ဘူး..။ နင်သိတဲ့ အချစ်က လွမ်းဆွေးခြင်းတစ်ခုတည်းလား.။ နင့်ကိုစတွေ့တည်းက ပျော်အောင်ထားပေးခဲ့တဲ့ငါ့ကို နင်ပေးနိုင်တာ မယုံကြည်မှုတွေနဲ့ ခနဲ့တဲ့တဲ့ စကားတွေပဲလား..။နင့်ကိုနင်ပဲ ပြန်သုံးသပ်ပေးပါ...။

ကဲ....ဘာပြောရင်ကောင်းမလဲ

Tuesday, March 31, 2009

ကဲ......ခုနစ်ရက်သားသမီးတို့ ... ကြားကြတဲ့ မြင်ကြတဲ့အတိုင်းပဲဗျို့...။ မြန်မာပြည်မှာတော့
လုပ်ချင်ရာတွေလုပ်နေကြသလို ဖြစ်ချင်ရာတွေဖြစ်ကုန်ပြီဗျို့..။ ကျွန်တော့် စီဘောက်မှာ
Ultrasurf နဲ့ ကျော်တဲ့ နည်းလေးကို နောက်ကျမှသိရလေခြင်းဆိုပြီး လာအော်သွားတဲ့
သူငယ်ချင်းရေ..။ ခင်ဗျားဝမ်းသာရမှာလား ၀မ်းနည်းရမှာလားတော့ မသိဘူးဗျာ..။ သူတို့ကတော့
နောက်ထပ် Extension တိုးလိုက်ပြန်ပြီ...။ ကျွန်တော်လည်း ပိုမြန်နိုင်မယ့် Proxy တွေ ထပ်ပြီး
ရှာရဦးတော့မှာပေါ့ဗျာ...။

အစိုးရပိုင်ဆိုတော့ လုပ်ချင်တိုင်းလုပ်နေတာဗျာ..။ ADSL Access ယူတဲ့လူတွေ FEC 50 ကနေ 120
ထိ
အမျိုးမျိုး လစဉ်ကြေးဆောင်ထားရတာ..။ သူတို့ဘက်က ဘယ်လိုပေးလျော်မလည်း..။
သူများနိုင်ငံတွေလို
ပုဂ္ဂလိက ISP တွေနဲ့များ အပြိုင်အဆိုင်လုပ်ရလို့ကတော့ ခွေးမသားတွေ
ထမင်းတောင် စားရမှာမဟုတ်ဘူး။
ပြောမဲ့သာပြောရတာ..။ ဒီလိုနေလာတာကလည်းလူမှန်း
သိတတ်စတည်းကဆိုတော့ ....ဆိုတော့..ဆိုတော့။


ဘ၀အဆက်ဆက် ပြုခဲ့ဖူးတဲ့ ကုသိုလ်ကောင်းမှုများရှိခဲ့သေးရင် ဒီလိုသောက်သုံးမကျတဲ့အစိုးရမျိုး လက်အောက်မှာ နောက်တစ်ကြိမ် လူမဖြစ်ရပါစေနဲ့ လို့ပဲဆုတောင်းလိုက်ပါတော့တယ်။

ဟိန်းမင်း

ဒါလေးတွေကလည်း အသုံးဝင်ပါတယ်

Thursday, March 26, 2009

Ultrasurf ကို ဒီလိုကျော်ပါ ဆိုတဲ့ပို့စ်ကို ထပ်ပြီးဖြည့်စွက်ပေးခြင်းဖြစ်ပါတယ်။
ဖော်ပြခဲ့ပြီးသား Proxy Host (209.99.29.27) အပြင် တခြား (စမ်းသပ်ပြီး) Proxy တွေ ထပ်ပြီးလက်ဆင့်ကမ်း ပေးချင်ပါတယ်။ အဲ့ဒီ Proxy တွေကတော့-
- 61. 50.139.173 (china server)
- 61.133.196. 40 (china server)
- 218. 97.194. 94 (china server)
- 203. 70. 96. 10 (Taiwan server)
- 122.252.176. 68 (Cambodia server) စတဲ့ Proxy Server တွေရဲ့ IP Address တွေဖြစ်ပါတယ်။ Port ကတော့ အားလုံး ( 80 ) ပဲ ဖြစ်ပါတယ်။ ဒီ Proxy Server တွေဟာ Anonumous Proxy တွေဖြစ်ပါတယ်။
တခြား Free proxy တွေကို လည်း မိမိဘာသာရှာနိုင်ပါတယ်။ လောလောဆယ် အဆင်ပြေတာကတော့ (80) Port တစ်ခုပဲ တွေ့မိပါသေးတယ်။ တခြား Proxy Server Address နဲ့ Port တွေလည်း ရှိနိုင်ပါသေးတယ်။

အဲ့တာလေးတွေကို ပထမတင်ပြခဲ့တဲ့အတိုင်း Ultrasurf ရဲ့ Manual Proxy Setting ထဲမှာ ရိုက်ထည့်လိုက်ရင် လောလောဆယ် MTP ကလွဲလို့ Myanmar Teleport ကနေ Internet Access ယူထားတဲ့သူုတွေ အားလုံး သုံးလို့မရတဲ့ Ultrasurf ကို သုံးလို့ရမှာပါ။ ပိုပြီးအဆင်ပြေတာက တိုက်ရိုက်ကော်နက်ရှင်ထက်တောင် ပိုပြီးကော်နက်ရှင်ငြိမ်တဲ့ အတွက်ပါ။ Browser နဲ့ အသုံးပြုဖို့အတွက်က အားလုံးသိပြီးသားဖြစ်နေမှာပါ ။

Gtalk လည်းတည်တည်ငြိမ်ငြိမ်သုံးလို့ရတယ်
ဒီ Ultrasurf ကထွက်တဲ့ Port ကို Gtalk မှာ ရိုက်ထည့်ပြီး Host ကို မိမိသုံးနေတဲ့ Host ထည့်သွင်းလိုက်ယုံပါနဲ့ Gtalk လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဆိုင်ဘာတွေမှာ သုံးရင် ဘာပြောင်းရမှန်းမသိ ဖြစ်နေတယ်ဆိုရင် Browser ထဲက Network Setting ထဲမှာ ၀င်ကြည့်နိုင်ပါတယ်။ ဥပမာ - localhost (or) 127.0.0.1 ဆိုတာမျိုးပေါ့။ Gtalk မှာလည်း အဲ့တာလေးပြောင်းပေးပြီး Port ကို 9666 ဆိုပြီးရိုက်ထည့်ပေးလိုက်ရင်
သိပ်အမြန်ကြီးမဟုတ်ပေမဲ့ Gtalk လည်း သုံးလို့ရပါပြီ...။ မရှင်းလင်းတာရှိရင် စီဘောက်စ်မှာ ဖြစ်ဖြစ်၊ ကွန်မန့်မှာပဲဖြစ်ဖြစ် ပြန်ပြီးဆက်သွယ်ပေးလို့ရတဲ့ လိပ်စာလေးတစ်ခုခုနဲ့ မှတ်ချက် ပေးထားခဲ့နိုင်ပါတယ်။
ကျေးဇူးတင်ပါတယ်။

ပြည်တွင်းက အသုံးမကျတဲ့ ကော်နက်ရှင်ကို သုံးနေတဲ့ ဘ၀တူသူငယ်ချင်းတွေ အားလုံးအဆင်ပြေပါစေ။

ဟိန်းမင်း

Ultrasurf ကိုဒီလိုကျော်ပါ

ကျွန်တော်တို့ရဲ့ မြန်မာတယ်လီပို့ကတော့ လက်စွမ်းတွေပြနေပါတယ်။ လောလောဆယ်မှာ
ကော်နက်ရှင်ကSpeed တွေမကျပေမဲ့ ဘာမှသုံးမရဘူးဖြစ်နေတယ်။ အခိုက်အတန့်ပဲလား ဘာလားတော့ မသိ ဘူးဗျာ။ User တွေအတွက်တော့ တော်တော်လေးကို ဒုက္ခရောက်နေကြပါတယ်..။

ပြည်တွင်းက User တွေ Proxy ကျော်တဲ့ နေရာမှာ အဓိကသုံးတဲ့ ဆော့ဖ်ဝဲတွေက Freedom,
Freegate, Gpass နဲ့ Ultrasurf တို့ဖြစ်ပါတယ်။ အဲ့ဒီအထဲမှာမှ Ultrasurf ဟာသုံးရတာပေါ့ပါး ရိုးရှင်းသလို အင်တာနက်ဆိုင် တော်တော်များများမှာ တင်ထားပေးတဲ့ ဆော့ဖ်ဝဲ ဖြစ်ပါတယ်။ အခု (၂၁) ရက်နေ့ကစပြီး သုံးလို့ မရတော့တဲ့ ဒီဆော့ဖ်ဝဲတွေကြောင့် အသုံးပြုသူတွေ အခက်တွေ့ နေကြပါတယ်။ ပထမကတော့ (၂၅) ရက်နေ့ အထိလို့ ကြေငြာထားပေမဲ့ အခု ဧပြီလ (၁) ရက်နေ့ကာလအထိ ကော်နက်ရှင် ဆိုးနေဦးမယ် ဆိုပြီး ထပ်မံတိုးမြင့် လိုက်ပါပြီ။ အဲ့ဒီအခါမှာလည်း ဘာတွေဆက်ဖြစ်လာဦးမယ်ဆိုတာကို မပြောနိုင်သေးပါဘူး။

လောလောဆယ် ပြည်တွင်းက User တွေ Ultrasurf သုံးနိုင်မဲ့ နည်းလေးတစ်ခု ပေးချင်ပါတယ်။
လုပ်ပုံလုပ်နည်း ရိုးရှင်းပါတယ်။ Proxy Setting နဲ့ Port ကိုချိန်းပေးလိုက်ယုံပါ..။

ပထမဆုံး Ultrasurf ကိုဖွင့်ပြီး Option ကို click လုပ်ပါ။ Option ထဲမှာ Proxy Settings
ဆိုတာလေးကို click လုပ်ပါ။ Proxy Option ရဲ့အလယ်မှာ ရှိတဲ့ Manual Proxy Setting မှာ -
Proxy Host ကို 209.99.29.27
Proxy Port ကို 80 ..............လို့ပေးပြီး Ok လုပ်လိုက်ပါ..။
ဒါဆိုသင့်စက်မှာ Ultrasurf အလုပ်လုပ်ပါလိမ့်မယ်။ ကျွန်တော် လက်တွေ့ စမ်းကြည့်တဲ့ အခါမှာတော့ လုံးဝ မကောင်းတဲ့ ကော်နက်ရှင်က Ultrasurf တက်လာပြီးနောက်ပိုင်း ငြိမ်သွားတာကို အထူးအဆန်း တစ်ခုအနေနဲ့ တွေ့ရပါတယ်။

ဒီဟာလေးကို စမ်းသုံးကြည့်လိုက်ပါဦး။ နောက်ပိုင်း ဒီဟာနဲ့ အဆင်မပြေဖြစ်လာရင်
ထပ်ကြိုးစားကြည့်ပါဦးမယ်..။ ကမ္ဘာကို ရင်ဘောင်တန်း နိုင်တဲ့ Charges တွေပေးပြီး ဖရုဿဝါစာတွေ ရေရွတ်ရင်း Internet သုံးစွဲနေရတဲ့ အဖြစ်တွေ မြန်မာပြည်မှာ ကုန်ဆုံးဖို့ ဆိုတာကတော့..............။

သုံးဆယ့်တစ်ဘုံမှာ များသတ္တာ ချမ်းသာကိုယ်စိတ်မြဲပါစေ။ (မှတ်ချက်။ နေပြည်တော် လုံးဝမပါဝင်ပါ။)

ဟိန်းမင်း
 
ကျွန်တော့်ဒိုင်ယာရီ © 2008. Template by BloggerBuster.