လိပ်ပြာသန့်ကြပါစေ

Thursday, May 14, 2009

ကာတွန်းဟန်လေး၏ အန်တီစုအကြောင်းလက်ရာ လက်ခံနိုင်ဖွယ်ရာမရှိ

ဟိန်းမင်း
မေ (၁၅) ၊ ရန်ကုန်။ 1:10 AM ။

မြန်မာ့ဒီမိုကရေစီရေးရာ ဗိသုကာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက မတရား
ဥပဒေပုဒ်မတွေနဲ့ အရေးယူဖို့ ပြင်ဆင်နေတဲ့အတွက် ပြည်တွင်းပြည်ပမှာရှိတဲ့ မြန်မာတွေအားလုံး ပူဆွေးသောက ရောက်နေကြပါတယ်။ မနေ့က နေ့လည်ခင်းလောက်မှာ အန်တီစုကို အင်းစိန်ကို
ပို့လိုက်ပြီဆိုတဲ့ သတင်း တစ်မြို့လုံးပြန့်သွားပြီးတဲ့နောက်မှာ သတင်းဌာနတွေအားလုံး သူ့ထက်ငါ အရေးတယူဖော်ပြခဲ့ကြပါတယ်။ သတင်းလွတ်လပ်ခွင့်အပြည့်ရှိတဲ့ ပြည်ပအခြေစိုက် မြန်မာမီဒီယာ
များကလည်း မီဒီယာတာဝန်ကျေပွန်စွာ ဆောင်ရွက်နိုင်ခဲ့တာကိုတွေ့ရပါတယ်။

ဒီနေရာမှာ ဧရာဝတီက ပင်တိုင်ကာတွန်းဆရာ ဟန်လေးရဲ့ ကာတွန်းလက်ရာဟာ
အန်တီစုရဲ့ ဂုဏ်ကျက်သရေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အနေအထားအခြေအနေတွေနဲ့
မလိုက်ဖက်စွာပဲ အွန်လိုင်းစာမျက်နှာပေါ်မှာ မြင်တွေ့လိုက်ရပါတယ်။ ကာတွန်းပုံမှာ
”ပိုပြီးစိတ်ချရအောင်လို့” ဆိုပြီး စာတပ်ထားတာကြောင့် သရော်လှောင်ပြောင်တဲ့ အနေအထားလို့ သတ်မှတ်ရပေမဲ့.။ ကာတွန်းလက်ရာနဲ့ ခေါင်းစဉ်ဟာ အန်တီစုကို လေးစားသင့်လေးစားထိုက်တဲ့ အနေအထားမျိုးမဟုတ်ပဲ Hot Issue တစ်ခုကို ကာတွန်းသမားတစ်ယောက်အနေနဲ့ အခွင့်အရေး
တစ်ခုအနေနဲ့ ၀င်ပြီးလှောင်ပြောင်လိုက်သလို အနေအထားရောက်နေပါတယ်။

ဒီဖြစ်ရပ်ဟာ ရယ်စရာတစ်ခုမဟုတ်တာကို အားလုံးသိကြပါတယ်။ အန်တီစုဟာလည်း
အပျင်းပြေရယ်မောရမဲ့ ကိစ္စတွေအတွက် တိုင်းပြည်အပေါ် အနစ်နာခံခဲ့တာမဟုတ်ပါဘူး။
ကာတွန်းထဲက သံဆူးကြိုးတွေတုပ်ပြီး ၊ သံလုံးတပ် ခြေချင်းနဲ့ လက်ထိပ်နောက်ပြန်ခတ်ပြီး
ထောင်ထဲကို တွန်းပို့နေတဲ့ဟန်နဲ့ ခေါင်းစဉ်ဖြစ်တဲ့ “ပိုပြီးစိတ်ချရအောင်လို့” ဆိုတဲ့စာသားက
ဖတ်ရှုသူကို ရယ်မောစရာမဖြစ်တာကို အဲ့ဒီကာတွန်းပို့စ်အတွက် ကွန်မန့်ပေးသွားတဲ့
လူတစ်ယောက်ကသက်သေပါပဲ။

ဒီကာတွန်းကိုကော ဆရာဟန်လေးအနေနဲ့ ရယ်စရာတစ်ခုအနေနဲ့ သဘောထားပြီး
ရေးဆွဲခဲ့တာပါလား။ဆရာဟန်လေးရဲ့ ကာတွန်းတွေက စစ်အစိုးရနဲ့ မြန်မာပြည်သူတွေ
အရေးကို ထေ့တဲ့ငေါ့တဲ့နေရာမှာ ထိတယ်၊ မိတယ် ဆိုတာနဲ့ ဧရာဝတီစာမျက်နှာပေါ်မှာ
ရပ်တည်နေတာ ကြာပါပြီ။ ဖတ်တဲ့သူ၊ အားပေးတဲ့ သူတွေကလည်း အများကြီးပါ။ ကျွန်တော်
ကိုယ်တိုင်လည်း ဆရာဟန်လေးရဲ့ လက်ရာတွေကို နှစ်ချိုက်ခဲ့တယ်ဆိုတာ ၀န်ခံပါတယ်။
ရပ်တည်မှုအတွက် မဟုတ်ပဲ ခံယူချက်နဲ့ ကျရာတာဝန်ကို ကျေပွန်အောင်လုပ်နေတယ်
လို့လည်း အများကမြင်နေကြဆဲပါ။

ဒါပေမဲ့ တိုင်းပြည်လွတ်လပ်ရေး ကြိုးပမ်းခဲ့သူဗိုလ်ချုပ်ရဲ့ သမီး၊ နိုဘယ်ဆုရ
ငြိမ်းချမ်းရေးခေါင်းဆောင်၊ မြန်မာ့ဒီမိုကရေစီရေးရာ လှုပ်ရှားသူ စတဲ့ ဂုဏ်ဒြပ်တွေနဲ့
မြန်မာရော ကမ္ဘာကပါ လေးလေးစားစား ဆက်ဆံကြတဲ့ အန်တီစုအပေါ်မှာ တစ်ကွက်ကာတွန်းနဲ့ အမြတ်ထုတ်ခဲ့တာ မြင်တွေ့ရတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ရပ်တည်မှုတစ်ခုအတွက်၊ နာမည်တစ်ခုအတွက်နဲ့ ဒီလိုလုပ်တယ်ဆိုရင် ဆရာဟန်လေးကို အစဉ်တစိုက် အားပေးလာကြတဲ့ (မြန်မာပြည်သူတစ်ရပ်လုံး မုန်းတီးတဲ့)စစ်အစိုးရလမ်းစဉ်ကို လိုက်နေသလိုပဲ ဖြစ်နေမှာပါ။

လက်ရှိအခြေအနေမှာ စစ်အစိုးရက အန်တီစုအပေါ် တတ်နိုင်သမျှ အဆိုးဆုံး
စီရင်နိုင်တယ်လို့ ယူဆထားကြပေမဲ့လည်း ဒီရက်စက်ယုတ်မာတဲ့ စစ်အစိုးရတောင်
ဆရာဟန်လေး ကာတွန်းထဲကလောက် အန်တီစုအပေါ် မလုပ်ဝံ့ပါဘူး။ မီဒီယာအနေနဲ့ မီဒီယာကျင့်ဝတ်စောင့်ထိန်းသင့်တယ်လို့ ယူဆမိတဲ့အတွက် ဒီပေးစာကို ရေးရခြင်းဖြစ်ပါတယ်။
ဆရာဟန်လေး အနေနဲ့ နိုင်ငံရေးအမြတ်ထုတ်တာ မဟုတ်ဘူးလို့ လိပ်ပြာသန့်တယ်ဆိုရင်တောင် ဒီလက်ရာအတွက် လူထုအပေါ် တောင်းပန်သင့်တယ်လို့ ယူဆပါတယ်။

အနှောင်အဖွဲ့ကင်းကင်းနဲ့ မြန်မာပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်တွန်းတင်ပေးနေတဲ့
မီဒီယာတွေအားလုံး လိပ်ပြာသန့်ကြပါစေ။
ဟိန်းမင်း



သတင်းဌာနတစ်ခုသို့ ပေးခဲ့သော ပေးစာကို ကိုယ်ပိုင်ဘလော့ဂ်တွင် ထပ်မံတင်ဆက်ခြင်းဖြစ်ပါသည်။


ဘယ်တုန်းကမှ တိုင်းပြည်အပေါ် အပြစ်မကျူးလွန်ခဲ့တဲ့ ငါတို့ရဲ့အမေ

“ကျမ ပြစ်မှု မကျူးလွန်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ကြာသပတေးနေ့၊ မေလ 14 2009 19:21 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ အကျယ်ချုပ်မှ အင်းစိန်ထောင်သွင်းသို့ ယနေ့ ပြောင်းရွှေ့ကာ ချုပ်နှောင်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်က မြန်မာစစ်အစိုးရက ယနေ့ စွဲတင်လိုက်သည့် အမှုကို မကျူးလွန်ကြောင်း သူ၏ ရှေ့နေမှတဆင့် ပြောကြားလိုက်သည်။

အင်းစိန်ထောင်တွင်းရှိ အနောက်ပိုင်းခရိုင် တရားရုံးသို့ ရုံးထုတ်ရာတွင် ရှေ့နေ ဦးကြည်ဝင်းနှင့် တွေ့ဆုံသည့်အခါ ဒေါ်အောင်ဆန်းစုကြည်က ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကျမ ပြစ်မှု မကျူးလွန်ဘူး” ဟု ပြောဆိုခဲ့ကြောင်း ရှေ့နေ ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “မကျူးလွန်ဘူး ဆိုတာကိုလည်း သူက ဘလိုင်းပြောတာ မဟုတ်ဘူး။ သူက သူ့ကိုစွဲတဲ့ ပုဒ်မကို သိတယ်။ ဖတ်ပြီးပြီ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၊ သူနှင့်အတူနေထိုင်ကာ ကူညီစောင့်ရှောက်ပေးနေသည့် ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမနှင့် နေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်ခဲ့သူ အမေရိကန် နိုင်ငံသား ဂျွန် ဝီလီယံ ယက်တောကို ယနေ့တွင် အင်းစိန်ထောင်တွင်းရှိ အနောက်ပိုင်ခရိုင် တရားရုံးတွင် အတူတကွ ရုံးထုတ်ခဲ့ခြင်း ဖြစ်သည်။

ရှေ့နေဦးကြည်ဝင်း၏ လက်ထောက်ရှေ့နေနှင့် ယနေ့ တရားရုံးသို့ ဝင်ရောက်ခွင့် ရရှိခဲ့သူ ရှေ့နေ ဦးလှမျိုးမြင့်က “အမှုနံပါတ် ၄၇/၂၀၀၉ ။ သူတို့ ၄ ယောက် တပြိုင်ထဲ ရုံးထုတ်တယ်” ဟု မဇ္ဈိမကို ပြောသည်။

ယနေ့နံနက်ပိုင်းတွင် အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်ခင်ခင်ဝင်းတို့ သားအမိအား တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှ အင်းစိန်ထောင်သို့ လုံခြုံရေးအစောင့်အကြပ်များဖြင့် ခေါ်သွားခဲ့ခြင်း ဖြစ်သည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရေးအတွက် တားဆီး ကန့်သတ်ထားသည့် အမိန့်ကို ချိုးဖောက်ခြင်း၊ မလိုက်နာခြင်းတို့ဖြင့် တရားစွဲထားသည်။

ယင်း ဥပဒေ ပြဌာန်းချက်အရ ထောင်ဒဏ်အားဖြင့် အနည်းဆုံး ၃ နှစ်မှ ၅ နှစ်ထိ ကျခံနိုင်ပြီး၊ ငွေဒဏ် ၅၀၀၀ ကျပ်၊ သို့မဟုတ် ပြစ်ဒဏ် နှစ်ခုစလုံးလည်း ချမှတ်နိုင်သည်။

ပါတီပြောခွင့်ရပုဂ္ဂိုလ်နှင့် ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက “ဟို .. ရေကူးတဲ့ လူက သူ့ဘာသာ သူလာတာ။ လူသားချင်း စာနာထောက်ထားမှုနဲ့ ခဏ နေရာပေးတယ်ဆိုတာပဲ ရှိတာ။ ဒီဟာက သူတို့ စည်းကမ်းချက်မှာ ဒါနဲ့ ပတ်သက်ပြီး ဘာမှ မပါဘူးလေ။ ဒါကို စည်းကမ်း ချမှတ်ထားတာမှ မရှိဘဲနဲ့ ဘယ်လိုလုပ် ဖောက်ဖျက်ရမှာလဲ။ အဲဒါကြောင့် ပြစ်မှု မကျူးလွန်ဘူးလို့ ပြောတာပါ” ဟု ပြောဆိုသည်။

နေအိမ်တွင် ထိန်းသိမ်းကြောင်း တားဆီးမိန့်ချစဉ်က ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သံရုံးများ၊ နိုင်ငံရေး ပါတီများ၊ နိုင်ငံရေးပါတီများနှင့်ဆက်နွယ်သူများနှင့် မဆက်သွယ်ရန်၊ နေအိမ်မှ ပြင်ပသို့ ထွက်ခွာခွင့် လုံးဝ မပြုရန်နှင့် အခြားသို့ စာဖြင့်သော်လည်းကောင်း၊ စကားပြော ကြေးနန်းဖြင့်သော်လည်းကောင်း ဆက်သွယ်ခြင်း မပြုရန် ကန့်သတ်ပိတ်ပင်ထားသည်။

ဒေါ်ခင်ခင်ဝင်းနှင့် သမီးဖြစ်သူ ဒေါ်ဝင်းမမ ကို နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူကို ကူညီမှု - ပုဒ်မ ၂၂/၁၀၉ ဖြင့် တရားစွဲသည်။

နေအိမ်အတွင်းသို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သည့် အမေရိကန်နိုင်ငံသား ဂျွန်ဝီလီယံ ယက်တော အား နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူကို ကူညီမှု၊ ကန့်သတ်နယ်မြေကို ဝင်ရောက်မှုဖြင့် ရန်ကုန် မြူနီစပယ် အက်ဥပဒေ၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေတို့ဖြင့် တရားစွဲလိုက်သည်။ ဂျွန်ဝီလီယံ ယက်တောကိုမူ ပုဒ်မ ၂၂/၁၀၉၊ လူဝင်မှုကြီးကြပ်ရေးမှု ပုဒ်မ ၁၃(၁)၊ မြူနီစီပယ် ဥပဒေ ပုဒ်မ ၂၈ အမှုနံပတ်က ၄၉/၂၀၀၉ တို့ဖြင့် တရားစွဲဆို လိုက်သည်။

မြူနီစပယ်ဥပဒေမှာ အင်္ဂလိပ်ကိုလိုနီခေတ်က ပြဋ္ဌာန်းခဲ့သော ဥပဒေဖြစ်ပြီး၊ ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်အတွင်း ကန့်သတ်နေရာများသို့ ဝင်ရောက်ပါက အရေးယူနိုင်သည့် ဥပဒေ ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးမှ တာဝန်ရှိသူတဦးက မစ္စတာယက်တော ရုံးထုတ်ရာ အင်းစိန်ထောင်သို့ စကားပြန်နှင့် လာရောက်ခဲ့သည်။

ယနေ့ တရားရုံးတွင် တရားသူကြီး ဦးသောင်းညွန့်၊ အကြံပေး တရားသူကြီးအဖြစ် ဦးညီညီစိုး၊ ခရိုင် ဥပဒေအကြံပေး အရာရှိက ဦးမြင့်ကြိုင်တို့ တက်ရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံး ရမန်ဖြင့် ယခုအခါ အင်းစိန်ထောင်ထဲတွင် ဆက်လက်ထိန်းသိမ်းထားကာ၊ ယခုလ ၁၈ ရက်နေ့တွင် တရားရုံးထုတ်မည်ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမတို့ အမှုအတွက် ရှေ့နေ ဦီးဉာဏ်ဝင်း၊ ဦးကြည်ဝင်းနှင့် ဦးလှမျိုးမြင့်က လိုက်ပါဆောင်ရွက်သွားမည်။

မဇ္ဈိမသတင်းဌာနမှ ကူးယူဖော်ပြပါသည်...။ မူရင်းသတင်းကို ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၂၂ ဖြင့် စစ်အစိုးရက တရားစွဲ

ကြာသပတေးနေ့၊ မေလ 14 2009 15:50 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများအား ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ ဖြင့် ယနေ့ တရားစွဲဆိုလိုက်သည်။

ယခု စွဲဆိုလိုက်သည့် ပုဒ်မ သည် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ် သို့မဟုတ် ငွေဒဏ် ၅၀၀၀ ကျပ်၊ သို့မဟုတ် ဒဏ်၂ ရပ်လုံး ကျသင့် နိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေကာ စောင့်ရှောက်နေသော ဒေါ်ခင်ဝင်းနှင့် မဝင်းမမ တို့ နှစ်ဦးကို ပုဒ်မ ၂၂/ ၁ဝ၉- နိုင်ငံတော်ကို နှောင့်ယှက် ဖျက်ဆီးလိုသူအား အားပေးကူညီမူ ရာဇသတ်ကြီး ပုဒ်မဖြင့် တရားစွဲဆိုထားသည်။

အင်လျားကန်ကို ဖြတ်ကျော်ကာ ရေကူးဝင်ရောက်သူ အမေရိကန် နိုင်ငံသား ဝီလီယံ ယက်တောကိုမူ နိုင်ငံတော်ကို နှောင့်ယှက် ဖျက်ဆီးလိုသူအား အားပေးကူညီမှု ရာဇသတ်ကြီး ပုဒ်မ ၂၂/၁ဝ၉ ၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ပုဒ်မ၊ ရန်ကုန်မြို့တော် စည်ပင်သာယာ ဥပဒေ တို့ဖြင့် တရားစွဲဆိုထားသည်။

လက်ရှိ တရားရုံး ရမန်ဖြင့် အင်းစိန် အကျဉ်းထောင်တွင်းရှိ အထူးတိုက်တခုတွင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားသည်။

အင်းစိန်အကျဉ်းထောင် အနောက်ပိုင်း ခရိုင်တရားရုံးတွင် ကြားနာမည်ဖြစ်ပြီ်း တရားသူကြီး ဦးသောင်းညွန့်၊ အကြံပေး တရားသူကြီးအဖြစ် ဦးညီညီစိုး၊ ခရိုင် ဥပဒေအကြံပေး အရာရှိက ဦးမြင့်ကြိုင် တို့ဖြစ်သည်။


မဇ္ဈိမသတင်းဌာနမှ ကူးယူဖော်ပြပါသည်...။ မူရင်းသတင်းကို ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။

နင်နဲ့ငါ (၁)

ပြောစရာစကားလုံးတွေ ပြည့်ကျပ်နေတယ်...။ ငါနင့်ရှေ့ရောက်ရင်လည်း ဒီစကားတွေ
ပြောထွက်မှာ မဟုတ်ဘူးဆိုတာကို ငါနေသိတယ်ကောင်မလေး... ...။ ငါမှတ်မိသေးတယ်... ငါနင့်လက်ကလေးကို ကိုင်ပြီး “ချစ်တယ်” လို့ လေးလေးနက်နက်ပြောခဲ့တုန်းကလေ။
(အဲ့ဒီမတိုင်ခင်က နင်ငါ့နားမှာ ငြိမ်ငြိမ်လေး နားလည်ပေးနေခဲ့တာကိုငါသိပ်သဘောကျခဲ့တာပေါ့။)
နင်ပြောခဲ့တယ်... ချစ်သူတွေ ဖြစ်သွားရင် နားလည်ပေးနိုင်ချင်မှ နားလည်ပေးနိုင်မှာတဲ့...။ အဲ့ဒီမှာတည်းက ငါပြောခဲ့ပါတယ် နင့်စိတ်ကြိုက်ဖြစ်စေရပါမယ်လို့...။

ငါနင့်ဘေးနားမှာ လိုက်နေပေးတဲ့အချိန်ကလည်း နင်ငါ့ဘေးမှာ ရှိနေပေးတာလို့ပဲ
ငါမြင်နေခဲ့တာပါ။ နင် နားရှုပ်သွားပြီလား။ နင့်ကို ဥပေက္ခာပြုတဲ့သူကိုယ်စား ငါနင်ပျော်အောင်
လိုက်နေပေးခဲ့ရင်း ငါ့ဘေးမှာ နင်ရှိနေပေးတယ်လို့ မှတ်ပြီး နင့်ကိုချစ်မိသွားခဲ့တာ။ငါ့ရင်ထဲမှာ နင်တစ်ယောက်တည်းရှိနေပေမဲ့ နင်က တခြားတစ်ယောက် ရှိကိုရှိနေမယ်လို့ တွက်ထားတာ
ငါအမြဲစိတ်မကောင်းဖြစ်ရတဲ့ အချက်ပဲ။ တကယ် မယုံသင်္ကာဖြစ်သင့်တာ ဘယ်သူလည်း။

နင်နဲ့ငါ အတူနေဖြစ်တဲ့ည (အဲ့ဒီညကလည်း နင်ဝိုင်တွေသောက်ထားပြီး အိမ်မပြန်နိုင်တဲ့
အခြေအနေမို့ကြိုတင်မကြံစည်ထားပဲနဲ့ ငါတို့အတူနေဖို့ စီစဉ်ဖြစ်သွားတာပါ။) နင့်အိမ်ကိုတောင်
ယုံကြည်အောင် ပြောပြီးခဲ့ပြီးတဲ့နောက်မှ နင့်ကိုအွန်လိုင်းမှာ သူ (နင့်အတွက်
မခိုနားလိုက်ရတဲ့ သစ်ပင်တစ်ပင်က) တစ်ခွန်းပြောလိုက်တာနဲ့..နင်ဘယ်လိုဖြစ်သွားခဲ့လည်း.။
စီစဉ်ထားပြီးသား အစီအစဉ်တစ်ခုက ဖျက်ဖို့တောင် နင်စဉ်းစားဖြစ်ခဲ့တာငါတွေးမိတိုင်း
စိတ်မကောင်းဖြစ်နေဆဲပဲ။ နင်နောက်ဆုံးအကြိမ်အဖြစ် အဲ့ဒီကောင်နဲ့ သွားတွေ့မယ် ဆိုတုန်းက
သူ့ကို ငါနင်နဲ့ပတ်သတ်ပြီးဘယ်လိုမှာခဲ့တယ်ဆိုတာ အဲ့ဒီကောင် နင့်ကိုအတိအကျပြန်ပြောမှာ မဟုတ်ဘူးဆိုတာလည်းငါသိတယ်။ ယောက်ျားမာနဆိုတာကို ချပြီး နင့်အတွက် နင့်ရင်ထဲကကောင်နဲ့
ငါစကားပြောခဲ့ရတယ်။သူနဲ့ပတ်သတ်ပြီး နင်ငိုချင်ငိုမိမယ်ဆိုပြီး ငါ့ကိုခွင့်တောင်းခဲ့ဖူးပေမဲ့...
ငါ့နဲ့ပတ်သတ်ပြီး နင်သိပ်မာကျောနေတာကိုတော့ ငါစိတ်မကောင်းမဖြစ်ပဲ မနေနိုင်ဘူး။

နောက်တစ်ခုက ဘယ်ယောက်ျားလေး လက်ခံနိုင်တဲ့ကိစ္စပါ..။ နင်ငါနဲ့ ချိန်းထားခဲ့တယ်..။
ငါသူငယ်ချင်းကိုပါခေါ်လာခဲ့တယ်။ ချိန်းထားတဲ့အချိန်ထက် ၁၅ မိနစ်လောက် ငါစောပြီးရောက်ခဲ့တာ
ငါဘယ်တော့မှ ဖျောက်မရတဲ့ မြင်ကွင်းတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရတယ်။ မထင်မှတ်တဲ့အချိန်၊ မထင်မှတ်တဲ့
နေရာမှာမထင်မှတ်တဲ့သူနဲ့ တွေ့ခဲ့တာပါတဲ့။ ဘာပဲပြောပြော ကော်ဖီဆိုင်ထဲ ငါဝင်လာတာကို နင်လုံးဝမမြင်ခဲ့တာအံ့သြမိသလို ဘာကြောင့်များ ငါ့ကိုယ်ငါ ဒီလောက်တောင် ထိန်းချုပ်နိုင်
သွားတာလည်းလို့ ငါအံ့သြမိခဲ့သေးတယ်။

အဲ့လို ငါ့ဘက်က မျက်စိနဲ့တပ်အပ် ပက်ပင်းတွေ့တာတွေကိုတောင် ငါနားလည်ပေး
နိုင်ခဲ့ပေမဲ့နင့်ဘက်ကျတော့ နင်သိပ်အတ္တကြီးလွန်းခဲ့တယ်။ နင်ငါ့ကိုချစ်တယ်လို့ ဖွင့်မပြောဘူးတဲ့..။ ချစ်တယ်ဆိုတာကိုနောက်ကွယ်မှာပဲ ပြောတယ်တဲ့..။ ဟုတ်မှာပါ...။ ဟုတ်မှာပါလို့ပဲ ခုထက်ထိ
ငါမြင်နေတုန်းပဲ။

တစ်ခုပဲ... နင်ကိုယ်နင်ကော သေချာရဲ့လား။ နင်ငါ့ကိုချစ်တာလား နင့်ကိုယ်နင်
ချစ်တာလား။ဒါကိုတော့ နင့်ဘာသာသေချာအောင် ပြန်သုံးသပ်သင့်တယ်။ လွန်ပြီလို့လည်း ပြောလို့ရ၊ မလွန်ဘူးလည်းပြောလို့ရတဲ့ အနေအထားတစ်ခုမှာ... နောက်ကွယ်မှာရော ရှေ့မှာတင်ရော..။ မချိတင်ကဲအသံတွေငါနားမထောင်ချင်ဘူး..။ ဘလော့ဂ်စာမျက်နှာတွေပေါ်မှာ လူတကာကို ငိုပြနေတဲ့
ကဗျာ အပိုင်းအစတွေလည်းငါမခံစားချင်ဘူး..။ တစ်ခုပဲ... နင်မယုံကြည်တဲ့သူကို နောက်ထပ် နင်ဘာအခွင့်အရေးမှ မပေးသင့်တော့ဘူး။

နှဖူးပေါ်လက်တင်ပြီး ဖြစ်ခဲ့သမျှတွေကို ပြန်သုံးသပ်သင့်တဲ့ အချိန်ရောက်ပြီထင်တယ်။
ဘ၀မှာ အပူတွေသိပ်များတယ်ဆိုတာ ကိုယ့်လမ်းငါလျှောက်ခဲ့တဲ့ ငါကပိုပြီးသိပါတယ်။ ဒါပေမဲ့
ပျော်နိုင်တဲ့ အချိန်လေးမှာတော့ မလိုအပ်တဲ့ ဒုက္ခရှာခံစားမှုတွေနောက်ကို ငါလိုက်ရင် ငါ့အတွက် ပျော်စရာအချိန်တွေရှိတော့မှာမဟုတ်ဘူး..။ နင်သိတဲ့ အချစ်က လွမ်းဆွေးခြင်းတစ်ခုတည်းလား.။ နင့်ကိုစတွေ့တည်းက ပျော်အောင်ထားပေးခဲ့တဲ့ငါ့ကို နင်ပေးနိုင်တာ မယုံကြည်မှုတွေနဲ့ ခနဲ့တဲ့တဲ့ စကားတွေပဲလား..။နင့်ကိုနင်ပဲ ပြန်သုံးသပ်ပေးပါ...။

တစ်နေ့တာ မှတ်စု

Friday, April 24, 2009

ပြုတင်းပေါက်ကို တွန်းဖွင့်လိုက်တယ်။ မျက်စိနှစ်လုံးပွင့်ကတည်းက ရင်ထဲမှာ ဟာတာတာဖြစ်နေတယ်။ နေဘယ်နားရောက်နေပြီလည်းလို့ ကြည့်မိလိုက်တော့ မျက်စောင်းတစ်ချက်ထိုးပြီး မြစ်ထဲကို ခုန်ဆင်းသွားတယ်။

မနေ့က မနက်ခင်းနဲ့ ဒီနေ့မနက်ခင်း သိပ်မကွာသလိုပဲ။ နဂိုကတည်းက ထူးခြားချက်မရှိတဲ့ ငါ့နေ့စဉ်မှတ်တမ်းတွေထဲမှာ အဆင်ပြေတာ မပြေတာကို ထည့်ရေးရင် စာမျက်နှာဘယ်လောက် ပိုပြီးကုန်မလဲ။ မနက်စာ ကော်ဖီတစ်ခွက်နဲ့ပြီးခဲ့တာကော ဘယ်နှစ်ရက်ရှိပြီလဲ။ ဘာမှ ဗိုက်ထဲ မထည့်တဲ့ နံနက်ခင်းပေါင်း တစ်နှစ်လုံးမှာ ဘယ်လောက်ရှိမလဲ။ အစာအိမ်တစ်ခုအတွက် လူတစ်ယောက် တစ်နေ့ကို ဘယ်နှစ်မိုင်လောက် ပျမ်းမျှလမ်းလျှောက်ရပါသလဲ။ နေ့စဉ်သတင်းစာထဲမှာ သတင်းမဟုတ်တာတွေကို ဖတ်နေခဲ့ရတာကော နှစ်ပေါင်းဘယ်လောက်တောင် ကြာနေပြီလဲ။ ကမ္ဘာပေါ်မှာ ရှိတဲ့မေးခွန်းတွေတိုင်းအတွက် အဖြေတွေ ရှိမနေခဲ့ရင်ကော။

အထူးယာဉ်ပေါ်မှာ အလဲဗင်း ၀ီစကီကြော်ငြာတွေ ပွထနေတယ်။ မီဒီယာက မီဒီယာစာမျက်နှာကနေ ကလပ်စတာဗုံးတွေ ကျဲတယ် ။ ပြီးတော့ ကျင့်ဝတ်အကြောင်းကို နောက်တစ်မျက်နှာမှာထည့်။ လမ်းဘေးက မြေစိုက် ပိုစတာကြီးမှာ လေးဖြူက Super ဆိုပြီး ပြုံးနေတယ်။ မျိုးကြီးကိုတော့ မဂ္ဂဇင်းထဲမှာ မြန်မာဘီယာ လျှော့သောက်ဖို့ တားချင်ပါတယ်။ Alpine များများသောက်ရင် တော်သေးရဲ့။ တစ်နှစ်တစ်နှစ် အိုင်စီကို လေလံပစ်ရင် ကလေးတွေအတွက် တစ်ထပ်မူလတန်းကျောင်း ဘယ်နှစ်ကျောင်းလောက် ရနိုင်မလဲလို့ မဆီမဆိုင်တောင် တွေးမိသေးတယ်။

စာမူခထုတ်တော့ အကြွေးတွေရှင်းရမလား အကြွေးရှင်တွေကိုပဲ ရှင်းလိုက်ရင်ကောင်းမလား ဆိုပြီး ကြံမိကြံရာ ကြံလိုက်မိသေးတယ်။ နောက်တော့..နောက်တော့.. အဆင်မပြေမှုတွေချည်းပဲ ခေါင်းထဲ ဆင့်ဆင့်ပြီး ရောက်လာ တယ်။ ဒါနဲ့ပဲ အစိုးရကို ထိုင်ဆဲပြီး အိပ်ယာထဲခေါင်းထိုး အိပ်ပစ်လိုက်တော့တယ်...။ ဒီလိုနဲ့ တစ်နေ့တာအချိန်တွေ လည်း ကုန်သွားပါလေရောဗျာ...။

ကဲ....ဘာပြောရင်ကောင်းမလဲ

Tuesday, March 31, 2009

ကဲ......ခုနစ်ရက်သားသမီးတို့ ... ကြားကြတဲ့ မြင်ကြတဲ့အတိုင်းပဲဗျို့...။ မြန်မာပြည်မှာတော့
လုပ်ချင်ရာတွေလုပ်နေကြသလို ဖြစ်ချင်ရာတွေဖြစ်ကုန်ပြီဗျို့..။ ကျွန်တော့် စီဘောက်မှာ
Ultrasurf နဲ့ ကျော်တဲ့ နည်းလေးကို နောက်ကျမှသိရလေခြင်းဆိုပြီး လာအော်သွားတဲ့
သူငယ်ချင်းရေ..။ ခင်ဗျားဝမ်းသာရမှာလား ၀မ်းနည်းရမှာလားတော့ မသိဘူးဗျာ..။ သူတို့ကတော့
နောက်ထပ် Extension တိုးလိုက်ပြန်ပြီ...။ ကျွန်တော်လည်း ပိုမြန်နိုင်မယ့် Proxy တွေ ထပ်ပြီး
ရှာရဦးတော့မှာပေါ့ဗျာ...။

အစိုးရပိုင်ဆိုတော့ လုပ်ချင်တိုင်းလုပ်နေတာဗျာ..။ ADSL Access ယူတဲ့လူတွေ FEC 50 ကနေ 120
ထိ
အမျိုးမျိုး လစဉ်ကြေးဆောင်ထားရတာ..။ သူတို့ဘက်က ဘယ်လိုပေးလျော်မလည်း..။
သူများနိုင်ငံတွေလို
ပုဂ္ဂလိက ISP တွေနဲ့များ အပြိုင်အဆိုင်လုပ်ရလို့ကတော့ ခွေးမသားတွေ
ထမင်းတောင် စားရမှာမဟုတ်ဘူး။
ပြောမဲ့သာပြောရတာ..။ ဒီလိုနေလာတာကလည်းလူမှန်း
သိတတ်စတည်းကဆိုတော့ ....ဆိုတော့..ဆိုတော့။


ဘ၀အဆက်ဆက် ပြုခဲ့ဖူးတဲ့ ကုသိုလ်ကောင်းမှုများရှိခဲ့သေးရင် ဒီလိုသောက်သုံးမကျတဲ့အစိုးရမျိုး လက်အောက်မှာ နောက်တစ်ကြိမ် လူမဖြစ်ရပါစေနဲ့ လို့ပဲဆုတောင်းလိုက်ပါတော့တယ်။

ဟိန်းမင်း

ဒါလေးတွေကလည်း အသုံးဝင်ပါတယ်

Thursday, March 26, 2009

Ultrasurf ကို ဒီလိုကျော်ပါ ဆိုတဲ့ပို့စ်ကို ထပ်ပြီးဖြည့်စွက်ပေးခြင်းဖြစ်ပါတယ်။
ဖော်ပြခဲ့ပြီးသား Proxy Host (209.99.29.27) အပြင် တခြား (စမ်းသပ်ပြီး) Proxy တွေ ထပ်ပြီးလက်ဆင့်ကမ်း ပေးချင်ပါတယ်။ အဲ့ဒီ Proxy တွေကတော့-
- 61. 50.139.173 (china server)
- 61.133.196. 40 (china server)
- 218. 97.194. 94 (china server)
- 203. 70. 96. 10 (Taiwan server)
- 122.252.176. 68 (Cambodia server) စတဲ့ Proxy Server တွေရဲ့ IP Address တွေဖြစ်ပါတယ်။ Port ကတော့ အားလုံး ( 80 ) ပဲ ဖြစ်ပါတယ်။ ဒီ Proxy Server တွေဟာ Anonumous Proxy တွေဖြစ်ပါတယ်။
တခြား Free proxy တွေကို လည်း မိမိဘာသာရှာနိုင်ပါတယ်။ လောလောဆယ် အဆင်ပြေတာကတော့ (80) Port တစ်ခုပဲ တွေ့မိပါသေးတယ်။ တခြား Proxy Server Address နဲ့ Port တွေလည်း ရှိနိုင်ပါသေးတယ်။

အဲ့တာလေးတွေကို ပထမတင်ပြခဲ့တဲ့အတိုင်း Ultrasurf ရဲ့ Manual Proxy Setting ထဲမှာ ရိုက်ထည့်လိုက်ရင် လောလောဆယ် MTP ကလွဲလို့ Myanmar Teleport ကနေ Internet Access ယူထားတဲ့သူုတွေ အားလုံး သုံးလို့မရတဲ့ Ultrasurf ကို သုံးလို့ရမှာပါ။ ပိုပြီးအဆင်ပြေတာက တိုက်ရိုက်ကော်နက်ရှင်ထက်တောင် ပိုပြီးကော်နက်ရှင်ငြိမ်တဲ့ အတွက်ပါ။ Browser နဲ့ အသုံးပြုဖို့အတွက်က အားလုံးသိပြီးသားဖြစ်နေမှာပါ ။

Gtalk လည်းတည်တည်ငြိမ်ငြိမ်သုံးလို့ရတယ်
ဒီ Ultrasurf ကထွက်တဲ့ Port ကို Gtalk မှာ ရိုက်ထည့်ပြီး Host ကို မိမိသုံးနေတဲ့ Host ထည့်သွင်းလိုက်ယုံပါနဲ့ Gtalk လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဆိုင်ဘာတွေမှာ သုံးရင် ဘာပြောင်းရမှန်းမသိ ဖြစ်နေတယ်ဆိုရင် Browser ထဲက Network Setting ထဲမှာ ၀င်ကြည့်နိုင်ပါတယ်။ ဥပမာ - localhost (or) 127.0.0.1 ဆိုတာမျိုးပေါ့။ Gtalk မှာလည်း အဲ့တာလေးပြောင်းပေးပြီး Port ကို 9666 ဆိုပြီးရိုက်ထည့်ပေးလိုက်ရင်
သိပ်အမြန်ကြီးမဟုတ်ပေမဲ့ Gtalk လည်း သုံးလို့ရပါပြီ...။ မရှင်းလင်းတာရှိရင် စီဘောက်စ်မှာ ဖြစ်ဖြစ်၊ ကွန်မန့်မှာပဲဖြစ်ဖြစ် ပြန်ပြီးဆက်သွယ်ပေးလို့ရတဲ့ လိပ်စာလေးတစ်ခုခုနဲ့ မှတ်ချက် ပေးထားခဲ့နိုင်ပါတယ်။
ကျေးဇူးတင်ပါတယ်။

ပြည်တွင်းက အသုံးမကျတဲ့ ကော်နက်ရှင်ကို သုံးနေတဲ့ ဘ၀တူသူငယ်ချင်းတွေ အားလုံးအဆင်ပြေပါစေ။

ဟိန်းမင်း

Ultrasurf ကိုဒီလိုကျော်ပါ

ကျွန်တော်တို့ရဲ့ မြန်မာတယ်လီပို့ကတော့ လက်စွမ်းတွေပြနေပါတယ်။ လောလောဆယ်မှာ
ကော်နက်ရှင်ကSpeed တွေမကျပေမဲ့ ဘာမှသုံးမရဘူးဖြစ်နေတယ်။ အခိုက်အတန့်ပဲလား ဘာလားတော့ မသိ ဘူးဗျာ။ User တွေအတွက်တော့ တော်တော်လေးကို ဒုက္ခရောက်နေကြပါတယ်..။

ပြည်တွင်းက User တွေ Proxy ကျော်တဲ့ နေရာမှာ အဓိကသုံးတဲ့ ဆော့ဖ်ဝဲတွေက Freedom,
Freegate, Gpass နဲ့ Ultrasurf တို့ဖြစ်ပါတယ်။ အဲ့ဒီအထဲမှာမှ Ultrasurf ဟာသုံးရတာပေါ့ပါး ရိုးရှင်းသလို အင်တာနက်ဆိုင် တော်တော်များများမှာ တင်ထားပေးတဲ့ ဆော့ဖ်ဝဲ ဖြစ်ပါတယ်။ အခု (၂၁) ရက်နေ့ကစပြီး သုံးလို့ မရတော့တဲ့ ဒီဆော့ဖ်ဝဲတွေကြောင့် အသုံးပြုသူတွေ အခက်တွေ့ နေကြပါတယ်။ ပထမကတော့ (၂၅) ရက်နေ့ အထိလို့ ကြေငြာထားပေမဲ့ အခု ဧပြီလ (၁) ရက်နေ့ကာလအထိ ကော်နက်ရှင် ဆိုးနေဦးမယ် ဆိုပြီး ထပ်မံတိုးမြင့် လိုက်ပါပြီ။ အဲ့ဒီအခါမှာလည်း ဘာတွေဆက်ဖြစ်လာဦးမယ်ဆိုတာကို မပြောနိုင်သေးပါဘူး။

လောလောဆယ် ပြည်တွင်းက User တွေ Ultrasurf သုံးနိုင်မဲ့ နည်းလေးတစ်ခု ပေးချင်ပါတယ်။
လုပ်ပုံလုပ်နည်း ရိုးရှင်းပါတယ်။ Proxy Setting နဲ့ Port ကိုချိန်းပေးလိုက်ယုံပါ..။

ပထမဆုံး Ultrasurf ကိုဖွင့်ပြီး Option ကို click လုပ်ပါ။ Option ထဲမှာ Proxy Settings
ဆိုတာလေးကို click လုပ်ပါ။ Proxy Option ရဲ့အလယ်မှာ ရှိတဲ့ Manual Proxy Setting မှာ -
Proxy Host ကို 209.99.29.27
Proxy Port ကို 80 ..............လို့ပေးပြီး Ok လုပ်လိုက်ပါ..။
ဒါဆိုသင့်စက်မှာ Ultrasurf အလုပ်လုပ်ပါလိမ့်မယ်။ ကျွန်တော် လက်တွေ့ စမ်းကြည့်တဲ့ အခါမှာတော့ လုံးဝ မကောင်းတဲ့ ကော်နက်ရှင်က Ultrasurf တက်လာပြီးနောက်ပိုင်း ငြိမ်သွားတာကို အထူးအဆန်း တစ်ခုအနေနဲ့ တွေ့ရပါတယ်။

ဒီဟာလေးကို စမ်းသုံးကြည့်လိုက်ပါဦး။ နောက်ပိုင်း ဒီဟာနဲ့ အဆင်မပြေဖြစ်လာရင်
ထပ်ကြိုးစားကြည့်ပါဦးမယ်..။ ကမ္ဘာကို ရင်ဘောင်တန်း နိုင်တဲ့ Charges တွေပေးပြီး ဖရုဿဝါစာတွေ ရေရွတ်ရင်း Internet သုံးစွဲနေရတဲ့ အဖြစ်တွေ မြန်မာပြည်မှာ ကုန်ဆုံးဖို့ ဆိုတာကတော့..............။

သုံးဆယ့်တစ်ဘုံမှာ များသတ္တာ ချမ်းသာကိုယ်စိတ်မြဲပါစေ။ (မှတ်ချက်။ နေပြည်တော် လုံးဝမပါဝင်ပါ။)

ဟိန်းမင်း

ငချွတ်လေးရဲ့အတွေးထဲမှာ

Saturday, March 21, 2009

ငချွတ်တစ်ကောင်ရဲ့အသိ

ဂငယ်လေးတွေ...လေးလုံးပူးတုန်းက
(ကျွန်တော်...)ငချွတ်လေးပဲရှိသေးတာပေါ့.....။

“...(စု)နိုင်မှချမ်းသာမည်....(စု)နိုင်မှချမ်းသာမည်
အောင်ဆန်းသွေးကို...ဒို့ယုံကြည်
ပြည်သူအားလုံးတစ်ခဲနက်ထောက်ခံမည်...”...တဲ့
အဖေဆိုဆိုနေတဲ့သီချင်းလေးက
ဘာမှန်းမသိနားမလည်ခဲ့ပေမဲ့
ပေတစ်ရာပေါ်အနီရောင်တွေစွေးတယ်ကြားတော့
နုနယ်တဲ့စိတ်လေးတောင်မှ
မုန်းသင့်တဲ့အရာ...ဘာဆိုတာကို..သိသွားခဲ့တယ်.....။

ပူးသတ်မယ်ဆိုတဲ့....ချာတိတ်အတွေးနဲ့
ထိပ်ဆုံးရောက်အောင်လုပ်မဟဲ့လို့
သူငယ်ချင်းနှစ်ယောက်ကြိတ်ကြံခဲ့မိသေးတယ်...
ပြောရင်ယုံမလားတော့မသိဘူး
ချီဂွေဗားရားအကြောင်းတွေဖတ်ပြီး
အတွေးထဲမှာပြောက်ကျားစစ်ထိုးခဲ့တာ...အခါခါ.....။

တစ်သက်လုံးကွန်မြူနစ်ဖက်ပြီးမှ
အိုကြီးအိုမနဲ့ရန်သူကိုကျောပြေးကပ်တဲ့လူ.....
လူ့အခွင့်အရေးကမ္ဗည်းတွေထိုးပြီး
ခွက်ပြေးပြေးထိုးနေတဲ့လူစား.....
အဖြစ်မှန်ဆိုတာကိုမှန်ထပ်ထိုးပြီး
ပြည်သူကိုအကြောင်ရိုက်
တစ်ဘက်မှာရသလောက်နှိုက်နေတဲ့လူမျိုး
မြင်ရတွေ့ရတာရိုးတော့
တရားလဲရသလို
တံတွေးတွေမှာလဲဒေါသပါမှန်းမသိပါခဲ့တယ်.....။

ဒီနေ့
နှစ်ဆယ့်တစ်ကို...ကိုးကမျက်စောင်းထိုးနေပြီ
ကျွန်တော်ခုထိလည်း...ငချွတ်လေးပါပဲ.....။

ငချွတ်လေးက...ငချွတ်အတွေးနဲ့
ရိုးရိုးလေးစဉ်းစားကြည့်တယ်...။
“အာဇာနည်ဟူသည်...ပြုလုပ်ဖွယ်ကိစ္စမှန်က
ဆုံးခန်းတိုင်ဆောင်ရွက်သည်...”တဲ့
ဗိုလ်ချုပ်အောင်ဆန်းရဲ့...စကား
ကြိုက်တဲ့နေရာစာရေးကပ်ထား
မင်းမှားတယ်...တားတဲ့လူရှိရင်
(သေချာတယ်...)
အပယ်လေးဘုံသားထဲကပဲဖြစ်မှာ...။

ဟိန်းမင်း

ဘာမှန်းမသိခဲ့တဲ့...ည

Friday, March 20, 2009

ဘာမှန်းမသိခဲ့တဲ့...ည

ပန်းတစ်ခင်းရဲ့ရနံကိုစွန့်ပြီး

သစ်ရွက်လေးရဲ့အနားမှာ
ထိကပါးရိကပါးနေမိတော့
ငါ့ကိုအမည်တပ်ခဲ့တာ...
“ရင်မခုန်တတ်တဲ့...လေပြေ” တဲ့..........။

နူးညံ့တဲ့အနမ်းတွေနဲ့အတူ
ရခဲ့ဖူးတဲ့နားလည်ပေးမှု
အဲ့တာတွေအားလုံး “အတု” လို့တော့
နင်....မပြောလိုက်ပါနဲ့နော်
(ငါလေ...) ခံနိုင်ရည်ရှိမယ်မထင်ဘူး..........။

“အချစ်မပြတ်သူ”နဲ့
မချစ်တတ်သူစီးချင်းထိုးတဲ့
အဲ့ဒီညက...
အသက်ရှူတွေမှားရင်းနဲ့ပဲ
ယောင်ကန်းကန်း မိုးလင်းသွားခဲ့တယ်..........။

ဟိန်းမင်း
 
ကျွန်တော့်ဒိုင်ယာရီ © 2008. Template by BloggerBuster.