အိမ်မက်ထဲမှာ

Monday, March 16, 2009

ညက ပျင်းပျင်းရှိတာနဲ့ အိမ်မှာရှိနေတဲ့ DVD ကားအဟောင်းတစ်ခုကို ထိုင်ကြည့်နေမိပါတယ်။ အာလာဒင်ဇာတ်ကားပါ...။ သိကြတဲ့အတိုင်းပေါ့... အာလာဒင်က စွန့်စားခန်းတွေလုပ်၊
မီးခွက်စောင့်တဲ့ဘီလူးကလဲသူလိုတာတွေကို ဖန်ဆင်းပေးနဲ့ ဇာတ်ရှိန်တက်နေတုန်း...
ဗြန်းဆို..
ထုံးစံအတိုင်း မီးကပြတ်သွားပါလေရော...။

ရာသီဥတုကလဲပူ. မီးကလဲပြတ်ဆိုတော့ နေရထိုင်ရတာ အဆင်မပြေဘူးဗျာ...
ကဲ.... မထူးပါဘူးလေဆိုပြီး ဇွတ်မှိတ်အိပ်ရတာပေါ့ဗျာ..။
အဲဒီမှာ.. စိတ်စွဲသွားတယ် ထင်ပါရဲ့လေ.. အိပ်မက်တစ်ခု သွားမက်တယ်...။
နွေညအိပ်မက်မို့ ထင်ပါရဲ့..။ တကယ်ကိုပဲ ဂယောက်ဂယက်နဲ့ဗျာ...။
အိပ်မက်ထဲမှာ ဟိုဟိုဒီဒီ လျှောက်သွားနေတာပေါ့..။ အဲဒီမှာ မီးခွက်အဟောင်းတစ်လုံးကို
သွားတွေ့ပါလေရော..။ ၀မ်းသာအားရနဲ့ အပြေးအလွှားလေး ပြေးကောက်လိုက်တယ်...။
ဘေးဘီကိုကြည့်တော့လည်း ဘယ်သူမှမရှိဘူး (ရှိလဲဝေစုမခွဲပေးနိုင်ပါဘူးနော်
ကိုယ့်အိပ်မက်ထဲမှာပဲဟာကို...)။ အဲတာနဲ့ ကမန်းကတမ်း မီးခွက်ကို ပွတ်လိုက်တော့
လားလား .... နဲတဲ့အကောင်ကြီး မဟုတ်ဘူးဗျာ။ ...ဘီလူးကြီးပြောပါတယ်..။
‘‘ ၀ုန်း ’’..... ဆိုထွက်လာပါလေရော...။ အံမယ်... ဒင်းက ကုတ်အင်္ကျီနဲ့ စတိုင်(လ်) ဘောင်းဘီနဲ့ဗျ..။ နက်ကတိုင်တောင် ပါလိုက်သေးတယ်...။
အကောင်ကကြီးကြီး အသားကမဲမဲဆိုတော့.. မြန်မာပြည်ကို ခဏခဏလာလာနေတဲ့
ဟိုကောင်ကြီးနဲ့တောင်.. ခပ်ဆင်ဆင် တူနေသေးရဲ့ဗျာ..။

အဲတာနဲ့ အတိုချုံ့လိုက်ရရင်တော့ လိုရာဆုတစ်ခု တောင်းစေသတည်းပေါ့ဗျာ....။
ဒါတောင် ဖြစ်နိုင်တာတစ်ခုပဲ တောင်းစေဆိုပြီး ကန့်သတ်ချက် ပါသေးတယ်..။
စဉ်းစားရပီပေါ့ဗျာ.. အကုန်လုံးလဲ အဆင်ပြေသွားအောင် တွေးပြီးတော့ ‘‘မြန်မာပြည်မှာ မီးလေးမှန်မှန်လာအောင် လုပ်သွားပေးခဲ့ပါ...’’ လို့ ပြောမိလိုက်တာ..။
‘‘ ဖြန်း ’’ ‘‘ ဖြန်း ’’ ‘‘ ဖြန်း ’’ ဆိုပြီး ပါးနှစ်ဘက်လုံး ပူသွားတယ်...။ လူလဲလန့်သွားတာပေါ့...။
ကြည့်လိုက်တော့ ကိုရွှေဘီလူးက မျက်ထောင့်နီကြီးနဲ့ ကြည့်နေတယ်...။
ပြီးမှ ဒေါနဲ့မောနဲ့ ပြောပါလေရော...။
‘‘ ဟိတ်ကောင်... မင်းကဘီလူးကိုများ မခန့်လေးစားနဲ့ နောက်စရာများမှတ်နေလား။ မီးမှန်မှန်လာချင်ရင် မင်းတို့ဆီကထွက်တဲ့ ဂတ်စ်တွေနဲ့ နိုင်ငံရဲ့သုံးပုံတစ်ပုံ မီးလင်းနေတဲ့ ယိုးဒယားမှာသွားနေ’’ တဲ့...။
အဲ့ဒီလိုကြီး ပြောပြီး ဆောင့်ဆောင့်အောင့်အောင့်နဲ့ မီးခွက်ထဲပြန်ဝင်သွားတယ် ..။
ဘာကြီးမှန်းမသိပါဘူးဗျာ...။ သူပြောတာတွေလည်း နားမလည်ရပါဘူး။ အဲဒီမှာပဲ အိမ်မက်ကနေ လန့်နိုးသွားပါလေရော...။ ရင်တွေလည်း တုန်လို့ပေါ့။
ဘီလူးပါးရိုက်သွားတာ ခံလိုက်ရတဲ့အိပ်မက်မျိုးလည်း ဒီတစ်ခါပဲ ကြုံဖူးသေးတာကိုး..။

သူငယ်ချင်းတို့လဲ အိပ်မက်ထဲမှာ မတော်တဆများ မီးခွက်စောင့်ဘီလူးနဲ့တွေ့ခဲ့ရင် ဆုတောင်းမမှားစေနဲ့နော်။ ဖြစ်နိုင်တာတွေကိုပဲ ကြည့်တောင်းနော်။

PS : မီးပျက်တဲ့ညတစ်ညမှ ကပေါက်တိကပေါက်ချာအတွေးများ ဖြစ်ပါသည်..။ ယခင်ဘလော့ဂ်တွင် ရေးသားခဲ့ဖူးပြီး ပြန်လည်ဆန်းသစ် ရေးသားကြည့်ခြင်း ဖြစ်ပါသည်။

ဟိန်းမင်း

1 ယောက် ပြောသွားတယ်:

k2tmaung said...

အရမ်းဖတ်လို့ ကောင်းတယ်...အစ်ကိုရေ...
လိုရာဆုတစ်ခု တောင်းစေသတည်းဆိုတဲ့နေရာနား ရောက်တော့ ညီမလည်း ယောင်ရမ်းပြီး ဆုတောင်းလိုက်သေးတယ်...
အစ်ကိုက မီးလေးပဲ တောင်းတာကို ဘီလူးကြီးက "ဖြန်း" "ဖြန်း" "ဖြန်း" ဆိုပြီး သုံးချက် ချသွားတာ...
ညီမသာဆို "ခွက်" "ခွက်" "ခွက်" "ခွက်" "ခွက်" ....ဆိုပြီး ဘယ်နှစ်ချက်များ ထိုးမလဲ မသိဘူး...:P
ညီမတောင်းလိုက်တဲ့ဆုက "မြန်မာပြည်ကြီး စည်ပင်ဝပြော တိုးတက်ကြီးပွား သာသနာအကျိုးရွက်သယ်ပိုးနိုင်ကြလို့ ချမ်းသာသုခ ကောင်းကျိုးချမ်းသာ အဖြာဖြာနဲ့ ပြည့်စုံနိုင်ပါစေ" လို့.... ဟီး...

Post a Comment

 
ကျွန်တော့်ဒိုင်ယာရီ © 2008. Template by BloggerBuster.