တစ်နေ့တာ မှတ်စု

Friday, April 24, 2009

ပြုတင်းပေါက်ကို တွန်းဖွင့်လိုက်တယ်။ မျက်စိနှစ်လုံးပွင့်ကတည်းက ရင်ထဲမှာ ဟာတာတာဖြစ်နေတယ်။ နေဘယ်နားရောက်နေပြီလည်းလို့ ကြည့်မိလိုက်တော့ မျက်စောင်းတစ်ချက်ထိုးပြီး မြစ်ထဲကို ခုန်ဆင်းသွားတယ်။

မနေ့က မနက်ခင်းနဲ့ ဒီနေ့မနက်ခင်း သိပ်မကွာသလိုပဲ။ နဂိုကတည်းက ထူးခြားချက်မရှိတဲ့ ငါ့နေ့စဉ်မှတ်တမ်းတွေထဲမှာ အဆင်ပြေတာ မပြေတာကို ထည့်ရေးရင် စာမျက်နှာဘယ်လောက် ပိုပြီးကုန်မလဲ။ မနက်စာ ကော်ဖီတစ်ခွက်နဲ့ပြီးခဲ့တာကော ဘယ်နှစ်ရက်ရှိပြီလဲ။ ဘာမှ ဗိုက်ထဲ မထည့်တဲ့ နံနက်ခင်းပေါင်း တစ်နှစ်လုံးမှာ ဘယ်လောက်ရှိမလဲ။ အစာအိမ်တစ်ခုအတွက် လူတစ်ယောက် တစ်နေ့ကို ဘယ်နှစ်မိုင်လောက် ပျမ်းမျှလမ်းလျှောက်ရပါသလဲ။ နေ့စဉ်သတင်းစာထဲမှာ သတင်းမဟုတ်တာတွေကို ဖတ်နေခဲ့ရတာကော နှစ်ပေါင်းဘယ်လောက်တောင် ကြာနေပြီလဲ။ ကမ္ဘာပေါ်မှာ ရှိတဲ့မေးခွန်းတွေတိုင်းအတွက် အဖြေတွေ ရှိမနေခဲ့ရင်ကော။

အထူးယာဉ်ပေါ်မှာ အလဲဗင်း ၀ီစကီကြော်ငြာတွေ ပွထနေတယ်။ မီဒီယာက မီဒီယာစာမျက်နှာကနေ ကလပ်စတာဗုံးတွေ ကျဲတယ် ။ ပြီးတော့ ကျင့်ဝတ်အကြောင်းကို နောက်တစ်မျက်နှာမှာထည့်။ လမ်းဘေးက မြေစိုက် ပိုစတာကြီးမှာ လေးဖြူက Super ဆိုပြီး ပြုံးနေတယ်။ မျိုးကြီးကိုတော့ မဂ္ဂဇင်းထဲမှာ မြန်မာဘီယာ လျှော့သောက်ဖို့ တားချင်ပါတယ်။ Alpine များများသောက်ရင် တော်သေးရဲ့။ တစ်နှစ်တစ်နှစ် အိုင်စီကို လေလံပစ်ရင် ကလေးတွေအတွက် တစ်ထပ်မူလတန်းကျောင်း ဘယ်နှစ်ကျောင်းလောက် ရနိုင်မလဲလို့ မဆီမဆိုင်တောင် တွေးမိသေးတယ်။

စာမူခထုတ်တော့ အကြွေးတွေရှင်းရမလား အကြွေးရှင်တွေကိုပဲ ရှင်းလိုက်ရင်ကောင်းမလား ဆိုပြီး ကြံမိကြံရာ ကြံလိုက်မိသေးတယ်။ နောက်တော့..နောက်တော့.. အဆင်မပြေမှုတွေချည်းပဲ ခေါင်းထဲ ဆင့်ဆင့်ပြီး ရောက်လာ တယ်။ ဒါနဲ့ပဲ အစိုးရကို ထိုင်ဆဲပြီး အိပ်ယာထဲခေါင်းထိုး အိပ်ပစ်လိုက်တော့တယ်...။ ဒီလိုနဲ့ တစ်နေ့တာအချိန်တွေ လည်း ကုန်သွားပါလေရောဗျာ...။

ကဲ....ဘာပြောရင်ကောင်းမလဲ

Tuesday, March 31, 2009

ကဲ......ခုနစ်ရက်သားသမီးတို့ ... ကြားကြတဲ့ မြင်ကြတဲ့အတိုင်းပဲဗျို့...။ မြန်မာပြည်မှာတော့
လုပ်ချင်ရာတွေလုပ်နေကြသလို ဖြစ်ချင်ရာတွေဖြစ်ကုန်ပြီဗျို့..။ ကျွန်တော့် စီဘောက်မှာ
Ultrasurf နဲ့ ကျော်တဲ့ နည်းလေးကို နောက်ကျမှသိရလေခြင်းဆိုပြီး လာအော်သွားတဲ့
သူငယ်ချင်းရေ..။ ခင်ဗျားဝမ်းသာရမှာလား ၀မ်းနည်းရမှာလားတော့ မသိဘူးဗျာ..။ သူတို့ကတော့
နောက်ထပ် Extension တိုးလိုက်ပြန်ပြီ...။ ကျွန်တော်လည်း ပိုမြန်နိုင်မယ့် Proxy တွေ ထပ်ပြီး
ရှာရဦးတော့မှာပေါ့ဗျာ...။

အစိုးရပိုင်ဆိုတော့ လုပ်ချင်တိုင်းလုပ်နေတာဗျာ..။ ADSL Access ယူတဲ့လူတွေ FEC 50 ကနေ 120
ထိ
အမျိုးမျိုး လစဉ်ကြေးဆောင်ထားရတာ..။ သူတို့ဘက်က ဘယ်လိုပေးလျော်မလည်း..။
သူများနိုင်ငံတွေလို
ပုဂ္ဂလိက ISP တွေနဲ့များ အပြိုင်အဆိုင်လုပ်ရလို့ကတော့ ခွေးမသားတွေ
ထမင်းတောင် စားရမှာမဟုတ်ဘူး။
ပြောမဲ့သာပြောရတာ..။ ဒီလိုနေလာတာကလည်းလူမှန်း
သိတတ်စတည်းကဆိုတော့ ....ဆိုတော့..ဆိုတော့။


ဘ၀အဆက်ဆက် ပြုခဲ့ဖူးတဲ့ ကုသိုလ်ကောင်းမှုများရှိခဲ့သေးရင် ဒီလိုသောက်သုံးမကျတဲ့အစိုးရမျိုး လက်အောက်မှာ နောက်တစ်ကြိမ် လူမဖြစ်ရပါစေနဲ့ လို့ပဲဆုတောင်းလိုက်ပါတော့တယ်။

ဟိန်းမင်း

ဒါလေးတွေကလည်း အသုံးဝင်ပါတယ်

Thursday, March 26, 2009

Ultrasurf ကို ဒီလိုကျော်ပါ ဆိုတဲ့ပို့စ်ကို ထပ်ပြီးဖြည့်စွက်ပေးခြင်းဖြစ်ပါတယ်။
ဖော်ပြခဲ့ပြီးသား Proxy Host (209.99.29.27) အပြင် တခြား (စမ်းသပ်ပြီး) Proxy တွေ ထပ်ပြီးလက်ဆင့်ကမ်း ပေးချင်ပါတယ်။ အဲ့ဒီ Proxy တွေကတော့-
- 61. 50.139.173 (china server)
- 61.133.196. 40 (china server)
- 218. 97.194. 94 (china server)
- 203. 70. 96. 10 (Taiwan server)
- 122.252.176. 68 (Cambodia server) စတဲ့ Proxy Server တွေရဲ့ IP Address တွေဖြစ်ပါတယ်။ Port ကတော့ အားလုံး ( 80 ) ပဲ ဖြစ်ပါတယ်။ ဒီ Proxy Server တွေဟာ Anonumous Proxy တွေဖြစ်ပါတယ်။
တခြား Free proxy တွေကို လည်း မိမိဘာသာရှာနိုင်ပါတယ်။ လောလောဆယ် အဆင်ပြေတာကတော့ (80) Port တစ်ခုပဲ တွေ့မိပါသေးတယ်။ တခြား Proxy Server Address နဲ့ Port တွေလည်း ရှိနိုင်ပါသေးတယ်။

အဲ့တာလေးတွေကို ပထမတင်ပြခဲ့တဲ့အတိုင်း Ultrasurf ရဲ့ Manual Proxy Setting ထဲမှာ ရိုက်ထည့်လိုက်ရင် လောလောဆယ် MTP ကလွဲလို့ Myanmar Teleport ကနေ Internet Access ယူထားတဲ့သူုတွေ အားလုံး သုံးလို့မရတဲ့ Ultrasurf ကို သုံးလို့ရမှာပါ။ ပိုပြီးအဆင်ပြေတာက တိုက်ရိုက်ကော်နက်ရှင်ထက်တောင် ပိုပြီးကော်နက်ရှင်ငြိမ်တဲ့ အတွက်ပါ။ Browser နဲ့ အသုံးပြုဖို့အတွက်က အားလုံးသိပြီးသားဖြစ်နေမှာပါ ။

Gtalk လည်းတည်တည်ငြိမ်ငြိမ်သုံးလို့ရတယ်
ဒီ Ultrasurf ကထွက်တဲ့ Port ကို Gtalk မှာ ရိုက်ထည့်ပြီး Host ကို မိမိသုံးနေတဲ့ Host ထည့်သွင်းလိုက်ယုံပါနဲ့ Gtalk လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဆိုင်ဘာတွေမှာ သုံးရင် ဘာပြောင်းရမှန်းမသိ ဖြစ်နေတယ်ဆိုရင် Browser ထဲက Network Setting ထဲမှာ ၀င်ကြည့်နိုင်ပါတယ်။ ဥပမာ - localhost (or) 127.0.0.1 ဆိုတာမျိုးပေါ့။ Gtalk မှာလည်း အဲ့တာလေးပြောင်းပေးပြီး Port ကို 9666 ဆိုပြီးရိုက်ထည့်ပေးလိုက်ရင်
သိပ်အမြန်ကြီးမဟုတ်ပေမဲ့ Gtalk လည်း သုံးလို့ရပါပြီ...။ မရှင်းလင်းတာရှိရင် စီဘောက်စ်မှာ ဖြစ်ဖြစ်၊ ကွန်မန့်မှာပဲဖြစ်ဖြစ် ပြန်ပြီးဆက်သွယ်ပေးလို့ရတဲ့ လိပ်စာလေးတစ်ခုခုနဲ့ မှတ်ချက် ပေးထားခဲ့နိုင်ပါတယ်။
ကျေးဇူးတင်ပါတယ်။

ပြည်တွင်းက အသုံးမကျတဲ့ ကော်နက်ရှင်ကို သုံးနေတဲ့ ဘ၀တူသူငယ်ချင်းတွေ အားလုံးအဆင်ပြေပါစေ။

ဟိန်းမင်း

Ultrasurf ကိုဒီလိုကျော်ပါ

ကျွန်တော်တို့ရဲ့ မြန်မာတယ်လီပို့ကတော့ လက်စွမ်းတွေပြနေပါတယ်။ လောလောဆယ်မှာ
ကော်နက်ရှင်ကSpeed တွေမကျပေမဲ့ ဘာမှသုံးမရဘူးဖြစ်နေတယ်။ အခိုက်အတန့်ပဲလား ဘာလားတော့ မသိ ဘူးဗျာ။ User တွေအတွက်တော့ တော်တော်လေးကို ဒုက္ခရောက်နေကြပါတယ်..။

ပြည်တွင်းက User တွေ Proxy ကျော်တဲ့ နေရာမှာ အဓိကသုံးတဲ့ ဆော့ဖ်ဝဲတွေက Freedom,
Freegate, Gpass နဲ့ Ultrasurf တို့ဖြစ်ပါတယ်။ အဲ့ဒီအထဲမှာမှ Ultrasurf ဟာသုံးရတာပေါ့ပါး ရိုးရှင်းသလို အင်တာနက်ဆိုင် တော်တော်များများမှာ တင်ထားပေးတဲ့ ဆော့ဖ်ဝဲ ဖြစ်ပါတယ်။ အခု (၂၁) ရက်နေ့ကစပြီး သုံးလို့ မရတော့တဲ့ ဒီဆော့ဖ်ဝဲတွေကြောင့် အသုံးပြုသူတွေ အခက်တွေ့ နေကြပါတယ်။ ပထမကတော့ (၂၅) ရက်နေ့ အထိလို့ ကြေငြာထားပေမဲ့ အခု ဧပြီလ (၁) ရက်နေ့ကာလအထိ ကော်နက်ရှင် ဆိုးနေဦးမယ် ဆိုပြီး ထပ်မံတိုးမြင့် လိုက်ပါပြီ။ အဲ့ဒီအခါမှာလည်း ဘာတွေဆက်ဖြစ်လာဦးမယ်ဆိုတာကို မပြောနိုင်သေးပါဘူး။

လောလောဆယ် ပြည်တွင်းက User တွေ Ultrasurf သုံးနိုင်မဲ့ နည်းလေးတစ်ခု ပေးချင်ပါတယ်။
လုပ်ပုံလုပ်နည်း ရိုးရှင်းပါတယ်။ Proxy Setting နဲ့ Port ကိုချိန်းပေးလိုက်ယုံပါ..။

ပထမဆုံး Ultrasurf ကိုဖွင့်ပြီး Option ကို click လုပ်ပါ။ Option ထဲမှာ Proxy Settings
ဆိုတာလေးကို click လုပ်ပါ။ Proxy Option ရဲ့အလယ်မှာ ရှိတဲ့ Manual Proxy Setting မှာ -
Proxy Host ကို 209.99.29.27
Proxy Port ကို 80 ..............လို့ပေးပြီး Ok လုပ်လိုက်ပါ..။
ဒါဆိုသင့်စက်မှာ Ultrasurf အလုပ်လုပ်ပါလိမ့်မယ်။ ကျွန်တော် လက်တွေ့ စမ်းကြည့်တဲ့ အခါမှာတော့ လုံးဝ မကောင်းတဲ့ ကော်နက်ရှင်က Ultrasurf တက်လာပြီးနောက်ပိုင်း ငြိမ်သွားတာကို အထူးအဆန်း တစ်ခုအနေနဲ့ တွေ့ရပါတယ်။

ဒီဟာလေးကို စမ်းသုံးကြည့်လိုက်ပါဦး။ နောက်ပိုင်း ဒီဟာနဲ့ အဆင်မပြေဖြစ်လာရင်
ထပ်ကြိုးစားကြည့်ပါဦးမယ်..။ ကမ္ဘာကို ရင်ဘောင်တန်း နိုင်တဲ့ Charges တွေပေးပြီး ဖရုဿဝါစာတွေ ရေရွတ်ရင်း Internet သုံးစွဲနေရတဲ့ အဖြစ်တွေ မြန်မာပြည်မှာ ကုန်ဆုံးဖို့ ဆိုတာကတော့..............။

သုံးဆယ့်တစ်ဘုံမှာ များသတ္တာ ချမ်းသာကိုယ်စိတ်မြဲပါစေ။ (မှတ်ချက်။ နေပြည်တော် လုံးဝမပါဝင်ပါ။)

ဟိန်းမင်း

ငချွတ်လေးရဲ့အတွေးထဲမှာ

Saturday, March 21, 2009

ငချွတ်တစ်ကောင်ရဲ့အသိ

ဂငယ်လေးတွေ...လေးလုံးပူးတုန်းက
(ကျွန်တော်...)ငချွတ်လေးပဲရှိသေးတာပေါ့.....။

“...(စု)နိုင်မှချမ်းသာမည်....(စု)နိုင်မှချမ်းသာမည်
အောင်ဆန်းသွေးကို...ဒို့ယုံကြည်
ပြည်သူအားလုံးတစ်ခဲနက်ထောက်ခံမည်...”...တဲ့
အဖေဆိုဆိုနေတဲ့သီချင်းလေးက
ဘာမှန်းမသိနားမလည်ခဲ့ပေမဲ့
ပေတစ်ရာပေါ်အနီရောင်တွေစွေးတယ်ကြားတော့
နုနယ်တဲ့စိတ်လေးတောင်မှ
မုန်းသင့်တဲ့အရာ...ဘာဆိုတာကို..သိသွားခဲ့တယ်.....။

ပူးသတ်မယ်ဆိုတဲ့....ချာတိတ်အတွေးနဲ့
ထိပ်ဆုံးရောက်အောင်လုပ်မဟဲ့လို့
သူငယ်ချင်းနှစ်ယောက်ကြိတ်ကြံခဲ့မိသေးတယ်...
ပြောရင်ယုံမလားတော့မသိဘူး
ချီဂွေဗားရားအကြောင်းတွေဖတ်ပြီး
အတွေးထဲမှာပြောက်ကျားစစ်ထိုးခဲ့တာ...အခါခါ.....။

တစ်သက်လုံးကွန်မြူနစ်ဖက်ပြီးမှ
အိုကြီးအိုမနဲ့ရန်သူကိုကျောပြေးကပ်တဲ့လူ.....
လူ့အခွင့်အရေးကမ္ဗည်းတွေထိုးပြီး
ခွက်ပြေးပြေးထိုးနေတဲ့လူစား.....
အဖြစ်မှန်ဆိုတာကိုမှန်ထပ်ထိုးပြီး
ပြည်သူကိုအကြောင်ရိုက်
တစ်ဘက်မှာရသလောက်နှိုက်နေတဲ့လူမျိုး
မြင်ရတွေ့ရတာရိုးတော့
တရားလဲရသလို
တံတွေးတွေမှာလဲဒေါသပါမှန်းမသိပါခဲ့တယ်.....။

ဒီနေ့
နှစ်ဆယ့်တစ်ကို...ကိုးကမျက်စောင်းထိုးနေပြီ
ကျွန်တော်ခုထိလည်း...ငချွတ်လေးပါပဲ.....။

ငချွတ်လေးက...ငချွတ်အတွေးနဲ့
ရိုးရိုးလေးစဉ်းစားကြည့်တယ်...။
“အာဇာနည်ဟူသည်...ပြုလုပ်ဖွယ်ကိစ္စမှန်က
ဆုံးခန်းတိုင်ဆောင်ရွက်သည်...”တဲ့
ဗိုလ်ချုပ်အောင်ဆန်းရဲ့...စကား
ကြိုက်တဲ့နေရာစာရေးကပ်ထား
မင်းမှားတယ်...တားတဲ့လူရှိရင်
(သေချာတယ်...)
အပယ်လေးဘုံသားထဲကပဲဖြစ်မှာ...။

ဟိန်းမင်း

ဘာမှန်းမသိခဲ့တဲ့...ည

Friday, March 20, 2009

ဘာမှန်းမသိခဲ့တဲ့...ည

ပန်းတစ်ခင်းရဲ့ရနံကိုစွန့်ပြီး

သစ်ရွက်လေးရဲ့အနားမှာ
ထိကပါးရိကပါးနေမိတော့
ငါ့ကိုအမည်တပ်ခဲ့တာ...
“ရင်မခုန်တတ်တဲ့...လေပြေ” တဲ့..........။

နူးညံ့တဲ့အနမ်းတွေနဲ့အတူ
ရခဲ့ဖူးတဲ့နားလည်ပေးမှု
အဲ့တာတွေအားလုံး “အတု” လို့တော့
နင်....မပြောလိုက်ပါနဲ့နော်
(ငါလေ...) ခံနိုင်ရည်ရှိမယ်မထင်ဘူး..........။

“အချစ်မပြတ်သူ”နဲ့
မချစ်တတ်သူစီးချင်းထိုးတဲ့
အဲ့ဒီညက...
အသက်ရှူတွေမှားရင်းနဲ့ပဲ
ယောင်ကန်းကန်း မိုးလင်းသွားခဲ့တယ်..........။

ဟိန်းမင်း

သက်ဆိုင်သူသို့...(၃)

Monday, March 16, 2009

ကမ္ဘာပြိုတဲ့နေ့

မျှော်လင့်ထားသလိုပါပဲ
နောက်ဆုံးပင့်သက်တစ်ရှိုက်မှာ
နေဆယ်စင်းပြိုင်တူထွက်လာတယ်
ဖြတ်ကနဲပါပဲ...
ကမ္ဘာတစ်ခုလုံး
မျက်ရည်တွေအပြိုင်းအရိုင်းနဲ့
လောင်ကြွမ်းသွားခဲ့ပေမဲ့လည်း
သံယောဇဉ်ဓါးချက်တွေ
ရင်မှာမွနေအောင်ကျန်နေခဲ့တယ်
ဘာမှားနေခဲ့တာလဲ....။

တိုက်ရိုက်အချိုးချကြည့်တော့
ဘ၀ကမသေချာသလို
အချစ်ကလဲမရေရာခဲ့တာ
ကံကြမ္မာကိုပဲအပစ်တင်ရမှာလား...
အိမ်မက်တစ်ခုကအိမ်မက်တစ်ခုလိုပဲ
အချိန်တန်ရင်ပြီးသွားတာပဲလား...
မျှော်လင့်ချက်အပိုင်းအစတွေအတွက်
မနက်ဖြန်ဆိုတာကောရှိဦးမှာလား....။

ဟိန်းမင်း(16.9.2008)

အိမ်မက်ထဲမှာ

ညက ပျင်းပျင်းရှိတာနဲ့ အိမ်မှာရှိနေတဲ့ DVD ကားအဟောင်းတစ်ခုကို ထိုင်ကြည့်နေမိပါတယ်။ အာလာဒင်ဇာတ်ကားပါ...။ သိကြတဲ့အတိုင်းပေါ့... အာလာဒင်က စွန့်စားခန်းတွေလုပ်၊
မီးခွက်စောင့်တဲ့ဘီလူးကလဲသူလိုတာတွေကို ဖန်ဆင်းပေးနဲ့ ဇာတ်ရှိန်တက်နေတုန်း...
ဗြန်းဆို..
ထုံးစံအတိုင်း မီးကပြတ်သွားပါလေရော...။

ရာသီဥတုကလဲပူ. မီးကလဲပြတ်ဆိုတော့ နေရထိုင်ရတာ အဆင်မပြေဘူးဗျာ...
ကဲ.... မထူးပါဘူးလေဆိုပြီး ဇွတ်မှိတ်အိပ်ရတာပေါ့ဗျာ..။
အဲဒီမှာ.. စိတ်စွဲသွားတယ် ထင်ပါရဲ့လေ.. အိပ်မက်တစ်ခု သွားမက်တယ်...။
နွေညအိပ်မက်မို့ ထင်ပါရဲ့..။ တကယ်ကိုပဲ ဂယောက်ဂယက်နဲ့ဗျာ...။
အိပ်မက်ထဲမှာ ဟိုဟိုဒီဒီ လျှောက်သွားနေတာပေါ့..။ အဲဒီမှာ မီးခွက်အဟောင်းတစ်လုံးကို
သွားတွေ့ပါလေရော..။ ၀မ်းသာအားရနဲ့ အပြေးအလွှားလေး ပြေးကောက်လိုက်တယ်...။
ဘေးဘီကိုကြည့်တော့လည်း ဘယ်သူမှမရှိဘူး (ရှိလဲဝေစုမခွဲပေးနိုင်ပါဘူးနော်
ကိုယ့်အိပ်မက်ထဲမှာပဲဟာကို...)။ အဲတာနဲ့ ကမန်းကတမ်း မီးခွက်ကို ပွတ်လိုက်တော့
လားလား .... နဲတဲ့အကောင်ကြီး မဟုတ်ဘူးဗျာ။ ...ဘီလူးကြီးပြောပါတယ်..။
‘‘ ၀ုန်း ’’..... ဆိုထွက်လာပါလေရော...။ အံမယ်... ဒင်းက ကုတ်အင်္ကျီနဲ့ စတိုင်(လ်) ဘောင်းဘီနဲ့ဗျ..။ နက်ကတိုင်တောင် ပါလိုက်သေးတယ်...။
အကောင်ကကြီးကြီး အသားကမဲမဲဆိုတော့.. မြန်မာပြည်ကို ခဏခဏလာလာနေတဲ့
ဟိုကောင်ကြီးနဲ့တောင်.. ခပ်ဆင်ဆင် တူနေသေးရဲ့ဗျာ..။

အဲတာနဲ့ အတိုချုံ့လိုက်ရရင်တော့ လိုရာဆုတစ်ခု တောင်းစေသတည်းပေါ့ဗျာ....။
ဒါတောင် ဖြစ်နိုင်တာတစ်ခုပဲ တောင်းစေဆိုပြီး ကန့်သတ်ချက် ပါသေးတယ်..။
စဉ်းစားရပီပေါ့ဗျာ.. အကုန်လုံးလဲ အဆင်ပြေသွားအောင် တွေးပြီးတော့ ‘‘မြန်မာပြည်မှာ မီးလေးမှန်မှန်လာအောင် လုပ်သွားပေးခဲ့ပါ...’’ လို့ ပြောမိလိုက်တာ..။
‘‘ ဖြန်း ’’ ‘‘ ဖြန်း ’’ ‘‘ ဖြန်း ’’ ဆိုပြီး ပါးနှစ်ဘက်လုံး ပူသွားတယ်...။ လူလဲလန့်သွားတာပေါ့...။
ကြည့်လိုက်တော့ ကိုရွှေဘီလူးက မျက်ထောင့်နီကြီးနဲ့ ကြည့်နေတယ်...။
ပြီးမှ ဒေါနဲ့မောနဲ့ ပြောပါလေရော...။
‘‘ ဟိတ်ကောင်... မင်းကဘီလူးကိုများ မခန့်လေးစားနဲ့ နောက်စရာများမှတ်နေလား။ မီးမှန်မှန်လာချင်ရင် မင်းတို့ဆီကထွက်တဲ့ ဂတ်စ်တွေနဲ့ နိုင်ငံရဲ့သုံးပုံတစ်ပုံ မီးလင်းနေတဲ့ ယိုးဒယားမှာသွားနေ’’ တဲ့...။
အဲ့ဒီလိုကြီး ပြောပြီး ဆောင့်ဆောင့်အောင့်အောင့်နဲ့ မီးခွက်ထဲပြန်ဝင်သွားတယ် ..။
ဘာကြီးမှန်းမသိပါဘူးဗျာ...။ သူပြောတာတွေလည်း နားမလည်ရပါဘူး။ အဲဒီမှာပဲ အိမ်မက်ကနေ လန့်နိုးသွားပါလေရော...။ ရင်တွေလည်း တုန်လို့ပေါ့။
ဘီလူးပါးရိုက်သွားတာ ခံလိုက်ရတဲ့အိပ်မက်မျိုးလည်း ဒီတစ်ခါပဲ ကြုံဖူးသေးတာကိုး..။

သူငယ်ချင်းတို့လဲ အိပ်မက်ထဲမှာ မတော်တဆများ မီးခွက်စောင့်ဘီလူးနဲ့တွေ့ခဲ့ရင် ဆုတောင်းမမှားစေနဲ့နော်။ ဖြစ်နိုင်တာတွေကိုပဲ ကြည့်တောင်းနော်။

PS : မီးပျက်တဲ့ညတစ်ညမှ ကပေါက်တိကပေါက်ချာအတွေးများ ဖြစ်ပါသည်..။ ယခင်ဘလော့ဂ်တွင် ရေးသားခဲ့ဖူးပြီး ပြန်လည်ဆန်းသစ် ရေးသားကြည့်ခြင်း ဖြစ်ပါသည်။

ဟိန်းမင်း

သက်ဆိုင်သူသို့...(၂)

အတ္တ

လမ်းခွဲဖို့ဆုံးဖြတ်
ကျောခိုင်းလှည့်ထွက်ပြီးမှတော့
နောက်ပြန်လည်းလှည့်ကြည့်မနေပါနဲ့
မျက်ရည်တွေလူသိမခံချင်ဘူး....။

ဟိန်းမင်း

ဂျက်စပဲရိုးနဲ့ငါးပြားစေ့

ပေါ့ပေါ့ပါးပါးလေးပါ။ မြန်မာတွေနဲ့လည်း ပတ်သတ်တာလေး တစ်ခုပေါ့။
Pirates of the Caribbean ရုပ်ရှင်ထဲက Captain Jack Sparrow ကို အားလုံးပဲ
သိကြတယ်ဟုတ်။ ဂျွန်နီဒပ်ဖ် အကောင်းဆုံး သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်တစ်ခုပေါ့..။
အဲ့ဒီဇာတ်ကောင်ရဲ့ အဆောင်အယောင်မှာ ထူးခြားတာကို သတိထားမိရဲ့လား မိတ်ဆွေတို့။
ဟောဒါက Captain Jack Sparrow ရဲ့ ပုံပါ....
ဒီပုံလေးမှာဘာထူးခြားလဲတွေ့မိကြရဲ့လား..ဂျက်စပဲရိုးရဲ့ခေါင်းဆောင်းမှာ
တွဲလောင်းလေးကျနေတဲ့အဆင်တန်ဆာလေးကိုသေသေချာချာကြည့်မိလား...။
ပုံသေးနေလို့မမြင်ရရင်ဒီလိုခပ်ကြီးကြီးလေးပဲ
အောက်မှာသာကြည့်ကြတော့ဗျာ..။ဒီမှာ.........
ဒါက ဂျပန်က Disney Land လို့ခေါ်တဲ့ ဒစ်စနေကမ္ဘာမှာ ပြထားတဲ့.. ရုပ်ရှင်ကား
အမှတ်တရ ပစ္စည်းတွေထဲက.. Pirates of the Caribbean ရုပ်ရှင်ကားရဲ့ အမှတ်တရပစ္စည်း
တွေထဲက တွေ့ရတာပါ...။ သေသေချာချာ ကြည့်ရင်တစ်ခုခုနဲ့ တူနေသလိုလိုပဲလို့ ...မထင်ကြဘူးလားဗျ...။ ကဲ....ကျနော်ကတော့ ရှာရင်းဖွေရင်းနဲ့ တူတာလေးတစ်ခုကို တင်ပြပေးလိုက်ပါတယ်။ အောက်ကပုံလေးကိုသွားကြည့်ကြရအောင်...။

ဒါက ၁၉၅၅ ခုနှစ်ထုတ် ငါးပြားစေ့(အပေါ့) ပုံပါ..။ အဲဒီပုံစံနဲ့ဆင်တဲ့ ငါးပြားစေ့တွေကို
၁၉၆၅ ခုနှစ်နဲ့ ၁၉၆၆ ခုနှစ်တွေမှာလဲ..မြန်မာပြည်မှာထုတ်ခဲ့ပါသေးတယ်..။
တစ်ပုံစံတည်း ဖြစ်နေတာကတော့..ဒီ၁၉၅၅ ခုထုတ် ငါးပြားစေ့ပါ...။
ကဲ..သံသယတွေဝင်နေသေးလား ဘာမှလာထပ်မမေးနဲ့နော်..မပြောပြဘူး။

ဟိန်းမင်း

 
ကျွန်တော့်ဒိုင်ယာရီ © 2008. Template by BloggerBuster.